မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့်အတွက် ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားနေရ

0
283

မကွေးတိုင်းဒေသကြီး၊ မကွေး၊ ကံမ၊ မင်းလှ၊ ရေနံချောင်းနှင့် ရေစကြိုမြို့နယ်တို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်နေသည့်အတွက် ရေဘေးသင့် ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရေစကြိုမြို့တွင် ဇူလိုင် (၁၃)ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် အမှတ်(၄)ရပ်ကွက်၊အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ညောင်ဇောက်ကျေးရွာနှင့် ရွာသစ်ကျေးရွာများရှိ မြေနိမ့်ပိုင်း လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရေစကြိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် မကွေးမြို့နယ်၊ ကံမမြို့နယ်၊ မင်းလှမြို့နယ်၊ ရေနံချောင်းမြို့နယ်တို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တို့တွင်လည်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လျက်ရှိရာ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးနေရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြား မုတ်သုံမိုးရွာသွန်းနိုင်ခြေရှိနေသောကြောင့် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများတလျှောက် မြစ်ရေနှင့် ပတ်သက်ဆက်စပ်သည့် သဘာဝဘေးများ ဖြစ်လာနိုင်ချေကို သတိရှိကြရန် မိုး‌လေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က သတိပေးပြောဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မြစ်ရေ မြင့်တက်နိုင်ကြောင်းနှင့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ င်္ဟသာတနှင့် ဇလွန်မြိုများတွင် လက်ရှိ ရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလမှလည်း ထုတ်ပြန်သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here