ထိုင်းဝန်ကြီးချုပ်က နိုင်ငံပေါင်း ၉၃ နိုင်ငံအား ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်ပြုသည့် အစီအစဉ်ကို အတည်ပြုမည်

0
290

ထိုင်းနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ခရီးသွားတွေအတွက် အစိုးရရဲ့ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို တနင်္လာနေ့(ဇူလိုင် ၁၅) မှာ သူလက်မှတ်ရေးထိုး အတည်ပြုသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ယင်းအစီအစဉ်မှာ အကျုံးဝင်တဲ့ ခရီးသွားတွေဟာ နိုင်ငံအတွင်း ရက်ပေါင်း ၆၀ ကြာနေနိုင်မှာဖြစ်ကြောင်းနဲ့ ပြဿနာတစ်စုံတရာ မရှိဘဲ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ထောက်ခံချက်ပေးနိုင်ဖို့ရာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထပ်တိုး ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ကာဇက်စတန်နိုင်ငံတွေမှ ခရီးသွားတွေကို အစီအစဉ်မိတ်ဆက်မှုနဲ့အတူ ယင်းအစီအစဉ်မှာ အကျုံးဝင်တဲ့ ခရီးသွားတွေကို ဂရုစိုက်ဖို့ အစီအမံတွေပြင်ဆင်ဆောင်ရွက်ထားကြောင်း မစ္စတာ ဆရက်သာက ပြောဆိုပါတယ်။

လဝကရဲနဲ့ လုံခြုံရေးအာဏာပိုင်တွေက ထိရောက်တဲ့ အစီအမံတွေချမှတ်ပြီးသေချာအကောင်အထည်ဖော်နေကာ ရေရှည်အတွက် ကောင်းစွာ အလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံများစွာပါဝင်သလို အာဖရိကနိုင်ငံအချို့၊ အမေရိကနိုင်ငံအချို့နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအချို့လည်းပါဝင်ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံများစွာပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေထဲမှာတော့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်တာ တွေ့ရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here