တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရက်ပိုင်းအတွင်း မိုးကြီးမည်ဟု မိုး/ဇလ ထုတ်ပြန်

0
142

လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်အသိ‌ပေးထားသည်။

မိုး/ဇလ၏ ယနေ့မြန်မာစံတော်ချိန်(၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဇူလိုင် (၁၇)ရက်မှ ဇူလိုင်(၂၀)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေမည်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်ရှိ လေဖိအားနည်းဆဲလ်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နေထိုင်ကြရန်လည်း မိုး/ဇလက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here