ချင်းတွင်းမြစ်ရေလျှံသည့်အတွက် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ မြစ်နှင့်နီးသည့် ကျေးရွာ (၂၅) ရွာရေဝင်နစ်မြုပ်လျက်ရှိ

0
96

ချင်းတွင်းမြစ်ရေသည် ယခင်နှစ်များကထက် ရေအတက်ကြမ်းကာ ရေလျှံခဲ့သည့်အတွက် မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်ရှိ မြစ်နှင့်နီးသည့် ကျေးရွာ (၂၅)ရွာတွင် ရေဝင်နစ်မြုပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျေးရွာ (၂၅) ရွာသို့ ချင်းတွင်းမြစ်ရေ မဝင်ခဲ့သည်မှာ (၅)နှစ်ခန့် ရှိပြီဖြစ်ပြီး ယခုနှစ်ချင်းတွင်းမြစ်ရေ များကာရေလျှံကျခြင်းကြောင့် ကျေးရွာများသို့ ရေဝင်ရောက်ခြင်းဖြစ်ကြောင်းသိရသည်။

“အိမ်က ကုန်းမြင့်ပေါ်မှာရှိပေမယ့် အခုနှစ်ရေများတော့ရေဝင်တယ်။ ဝင်တဲ့ရေက အမြင့် (၉)ပေလောက်ရှိတယ်။ ရွာတွေ ရေမဝင်တာ (၅)နှစ်ရှိပြီ။ အခုနှစ်ချင်းတွင်းမြစ်ရေများပြီး လျှံကျလာလို့ရွာတွေထဲရေဝင်တာပါ”ဟု ဘုဘကျေးရွာနေသူတစ်ဦးကပြောသည်။

ချင်းတွင်းမြစ်ရေသည် ယခုနှစ်တွင် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်များမှ ဘုဘရွာ၊ ပန်းခြံရွာ၊ ချမ်းသာကျွန်းရွာ၊ ညောင်ဖြူပင်ရွာ၊ ကျွန်းကြီးရွာ၊ရတနာပုံကျွန်းရွာ၊ နတ်ကြီးကျွန်းရွာ၊ ဆီးဖြူကုန်းရွာ၊ ချိုး(ဂျိုး)စုရွာ၊ ထိန်ပင်စုရွာ အပါအဝင် ကျေးရွာ (၂၅) ရွာ ရေဝင်ရောက်ခြင်း ဖြစ်သည်။

“ဟိုးအရင် တာရိုးလမ်းမဖောက်ခင်ကတော့ ချင်းတွင်းမြစ်ရေတက်လာရင် ရွာတွေရေဝင်တယ်။ တာရိုးလမ်းကြီးပြီးလို့ပြုပြင်စရာရှိတာ ပြုပြင်ပြီးကတည်းက မြစ်ရေရွာတွေထဲမဝင်တော့ဘူး။ ချောင်းတွေ၊ မြောင်းတွေထဲသာ ဝင်တော့တာပါ။ ရေမဝင်တာ (၅) နှစ်လောက်ရှိပြီ။ လယ်တွေထဲရေမဖောက်ရတာ (၅)နှစ်ရှိပြီ”ဟု ချမ်းသာကျွန်းရွာနေသူ ဒေသခံတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေဝင်ကျေးရွာ (၂၅)ရွာမှ စိုက်ပျိုးရေးလုပ်သူအများစုသည် ကျေးရွာနှင့်ဝန်းကျင်သို့နှစ်စဥ် ရေဝင်ရောက်မှုကို လိုလားသူများဖြစ်ကြပြီး မြစ်ရေများ နေရာအနှံ့ဝင်ရောက်၍ ရေပြန်ကျသွားလျင် နုံးတင်မြေနုများတင်ကျန်ရစ်ကာစိုက်ပျိုးမြေအဖြစ် အသုံးပြုရန် အလွန်ကောင်းသောကြောင့် မြစ်ရေဝင်စေချင်သူက ပိုများသောဒေသဖြစ်ကြော င်း သိရသည်။

“နွားစာခွက်တွေ လှေလုပ်မစီးရတာကြာပြီ။ အခုနှစ်တော့ရက်အတော်ကြာ လှေလုပ်စီးရလို့ ရွာအရသာပြန်ရတယ်”ဟုမုံရွာမြို့နေ ညောင်ဖြူပင်ရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေဝင်ကျေးရွာ(၂၅)ရွာတွင် စားပင်သီးပင်များ၊ ပန်းပင်များ၊ အရိပ်ရပင်များ၊ အလှပင်များ၊ ဆေးပင်များကို ရာသီအလိုက်အလှည့်ကျစိုက်ပျိုး၍ မုံရွာမြို့စျေးကွက်နှင့် အခြားမြို့ကြီးများစျေးကွက်သို့ နေ့စဥ်ပို့ဆောင်ရောင်းချကာစီးပွားရေးကောင်းမွန်သော ဒေသဖြစ်ပြီးသစ်ပင်၊ ပန်းပင်များပေါများသောကြောင့် အပူပိုင်းဒေသ၏ အေးမြသောရာသီဥတုကို ပိုင်ဆိုင်နေသောဒေသဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here