ဥပဒေအရာရှိများ အမှုလိုက်ရာတွင် အဂတိတရား ကင်းရှင်းကြရန် ဥပဒေရေးရာ ဒုတိယဝန်ကြီး ပြောကြား

0
194

ဥပဒေအရာရှိများအနေဖြင့် ဥပဒေ ပညာသာမက အကျင့်သီလနှင့် ပြည့်စုံရန် လိုအပ်ကြောင်း အမှုကိစ္စများ အကြံပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲကို ဇူလိုင် (၁၄) ရက်၊ နံနက် (၁၀) နာရီက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဥပဒေချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ဥပဒေရုံးများ၏ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဥပဒေအရာရှိများသည် ဥပဒေ ပညာသာမက အကျင့်သီလနှင့် ပြည့်စုံရန်လည်းလို အပ်ကြောင်း၊ ဥပဒေပညာဖြင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ဆောင်ရွက်ပေးနိုင်ရန်လည်း ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥပဒေအကြံဉာဏ်ပေးရာတွင် မှန်ကန်ပြည့်စုံစွာ အကြံဉာဏ်ပေးနိုင်ရမည်ဖြစ်ပြီး အဂတိတရား ကင်းရှင်းကြရန်လည်း လိုအပ်ကြောင်း၊ အမှုကိစ္စများအတွက် အကြံပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။

၎င်းအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်း၊ ဥပဒေရေးရာဝန်ကြီး ဌာန ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေး၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here