ကုန်သွယ်မှုပုံစံအသစ်အတွက် ပို့ကုန်သွင်းကုန်လိုင်စင် ၆၀၀ ကျော် ခွင့်ပြုပေးထား ဟုဆို

0
276

မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုအတွက် ပို့ကုန်သွင်းကုန်လိုင်စင် (၆၁၃) ခုကို ခွင့်ပြုပေးခဲ့ပြီး ဒေါ်လာသန်း (၃၀) ကျော်တန်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင်လ (၈) ရက်အထိ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များကိုခွင့်ပြုရာတွင် ပို့ကုန် လိုင်စင်အစောင်ရေ (၁၅) စောင်၊ တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ (၄) သန်းကျော်၊သွင်းကုန်တင်သွင်းမှုအနေဖြင့် လိုင်စင်အစောင်ရေ (၅၉၈) စောင် အမေရိကန်ဒေါ်လာ (၂၆) သန်းကျော်ဖိုးကို လိုင်စင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် လမ်းကြောင်းအသစ်အဖြစ် ရန်ကုန်- ကော့သောင်း-ရနောင်း ကွန်တိန်နာသင်္ဘော ပြေးဆွဲခြင်းအတွက် ကွန်တိန်နာသင်္ဘောများသည်ပြီးခဲ့သည့် ဇွန်လ (၂၈) ရက်တွင် ရန်ကုန်မှစတင်ထွက်ခွာခဲ့ကာ ဇူလိုင်လ (၈) ရက်တွင် ကော့သောင်းမြို့သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့ပြီး အဆိုပါ ကွန်တိန်နာသင်္ဘောပေါ်တွင် သန့်စင်ပြီး ခဲသတ္တု (၉၉)တန်ပါ ကွန်တိန်နာ (၄)လုံး ၊ ပြောင်းဆန်တန်ချိန် (၁၃၀၀) ပါ ကွန်တိန်နာ (၅၂) လုံးတို့ကို သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ အပြန်ခရီးတွင်လည်း ကုန်စည်အချို့ကို တင်ဆောင်ကာ ကော့သောင်းမြို့မှတဆင့် ရန်ကုန်သို့ ဆက်လက်ကုန်စည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပို့ကုန်နည်းပါးသဖြင့် earnings ငွေနည်းကာ သွင်းကုန်များသွင်းရန် ကန့်သတ်ချက်များရှိနေခြင်းဖြစ်သည်။ earnings မယူဘဲ တဖက် ကုမ္မဏီပေးချေငွေ /TT ဖြင့်သွင်းသည့်အခါ ဒေါ်လာစျေးက တရိပ်ရိပ်တက်လာသဖြင့် လိုင်စင် ချပေးရမည့်ကုန်များကို တွက်ဆချပေးရသည်။ထိုကြောင့် လိုင်စင်များ မကျသည့်အသံ ကုန်သည်အသိုင်းအဝိုင်းတွင် ဆူညံလျှက်ရှိသည်။

လုပ်သားမိသားစု လွှဲငွေသည်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထားနှင့် ပြင်ပပေါက်စျေးတို့မှာ ယခုအခါများစွာကွာဟနေသဖြင့် လုပ်သားလစာငွေများ ပေးပို့ရန် အခက်အခဲဖြစ်ပေါ်နေကြောင်းလုပ်သားမိသားစုများကဆိုသည်။

ပို့ကုန်များမှ သွင်းကုန်လွယ်ကူမည်။ရွှေ့ပြောင်းလုပ်သားငွေလွှဲပို့ငွေများမှ သွင်းကုန်လွယ်ကူမည်။ ထို့ကြောင့် ပို့ကုန်ရငွေနှင့်မိသားလွှဲပို့ငွေများ ပြန်လည်ဝင်ရောက်မှုများရန် အထူးအခွင့်အရေးများ နှင့် လွှဲချင်စိတ်ဖြစ်ရေး အတွက် မူဝါဒတို့သည် အရေးပါလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here