စပိန်တို့ ၄ ကြိမ်မြောက် ယူရိုချန်ပီယံဖြစ်လာပြီး ဖိုင်နယ်နှစ်ကြိမ်ဆက်တက်ခဲ့တဲ့ အင်္ဂလန် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြန်

0
186

ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားတဲ့ ယူရို ၂၀၂၄ နောက်ဆုံးဗိုလ်လုပွဲမှာတော့ ယခုနှစ်ပြိုင်ပွဲမှာ တောက်လျှောက်ခြေစွမ်းကောင်းရနေတဲ့ စပိန်တို့ဟာ အင်္ဂလန်တို့ ၂-၁ နဲ့နိုင်ပြီး ယူရိုဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်ကတော့ ၂၀၂၀၊ ၂၀၂၄ နှစ်ကြိမ်ဆက် ယူရိုဖိုင်နယ်ကို တက်ခဲ့ပေမယ့် ဆုဖလားနဲ့ ဆက်လက်ကင်းဝေးနေဆဲဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ လူငယ်ကစားသမားကောင်းတွေပိုင်ဆိုင်ထားကြတာဖြစ်ပြီး လူစုံထုတ်ကစားသွားခဲ့ပါတယ်။ စပိန်လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဝီလီယံနဲ့ယာမင်လာမယ်တို့ရဲ့ တောင်ပံနှစ်ဖက်က ထိုးဖောက်တိုက်စစ်ဆင်မှုတွေဟာ အင်္ဂလန်နောက်တန်းလူတွေကို အလုပ်ရှုပ်စေခဲ့တာတွေ့ရပါတယ်။ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးကစားခဲ့ပါတယ်။ အင်္ဂလန်ကတော့ ဘယ်လင်ဂမ်၊ ဆာကာ၊ ဖိုဒန်တို့ရဲ့ တိုးအားတွေနဲ့ တန်ပြန်တိုက်စစ်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ထုံးစံအတိုင်း အင်္ဂလန်တို့ရဲ့ အထနှေးမှုကို လျင်မြန်တဲ့ စပိန်တိုက်စစ်က အခွင့်ကောင်းယူကာ ဦးဆောင်ဂိုးစရသွားခဲ့ပါတယ်။ ၄၇ မိနစ်မှာ ယာမင်လာမယ်ချပေးလိုက်တဲ့ ဘောလုံးကို စီလီယံက ကန်သွင်းကာ ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။

ယင်းနောက် အင်္ဂလန်တို့ ချေပဂိုးရဖို့တင်ကစားလာခဲ့ပြီး လူစားလဲမှုအချို့လည်း လုပ်ခဲ့ပါတယ်။ ၇၃ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုးရသွားခဲ့ပြီး ဘယ်လင်ဂမ်ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ပါးလ်မာက အပြင်းကန်သွင်းပြီး ချေပဂိုးရယူပေးခဲ့တာဖြစ်ကာ နည်းပြဆောက်ဂိတ်ရဲ့ လူစားလဲမှုဟာ ဒီတစ်ကြိမ်မှာလည်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီဂိုးရလဒ်နဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ၈၇ မိနစ်မှာ စပိန်တို့ ဒုတိယဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ စပိန်ရဲ့ လူစားဝင်ကစားသမား အိုယာဇဗာက အင်္ဂလန်နောက်တန်းလူတွေကို ဖြတ်ကျော်ကာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် အင်္ဂလန်ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးရရှိခြင်း မရှိတော့ပဲ ၂-၁ ဂိုးရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။

အနိုင်ရခဲ့တဲ့ စပိန်ဟာ ယူရိုဖလားကို ၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်တို့ကတော့ အဓိကဆုဖလားတစ်လုံး အသည်းအသန်လိုအပ်ခဲ့ပေမယ့် နှစ်ကြိမ်ဆက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရသလို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းအနေနဲ့လည်း သူရဲ့ ဖလားလက်မဲ့ ကံကြမ္မာကို အဆုံးသတ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here