မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရန်ဆွေးနွေး

0
224

မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရန် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်သွန်အလီဟာနော့ဗ် (Mr. Anton Alikhanov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်‌ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ် သည်။

“အင်နိုပရွန်-၂၀၂၄” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဆိုပါ ပြပွဲအဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်သွန်အလီဟာနော့ဗ် (Mr. Anton Alikhanov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အား အပြီးသတ်တည်ဆောက်လည်ပတ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းလိုကြောင်း၊ စားသုံးဆီ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း နှစ်ဖက်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၄)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲနှင့်အတူ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကွန်ဖရင့်သို့ တက်ရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး၊ ကာဂျစ်သမ္မတနိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်သမ္မတနိုင်ငံစက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ တာဂျစ်ကစ်စတန် သမ္မတနိုင်ငံ စက်မှုနှင့်နည်းပညာသစ်များဆိုင်ရာဝန်ကြီး၊ ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု နှင့်ကုန်သွယ်ရေးဝန်ကြီး၊ ဘီလာရုဇ်သမ္မတနိုင်ငံစက်မှုဝန်ကြီးတို့နှင့်အတူ မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအကြား အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးနယ်ပယ်၊ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်၊ တစ်ဦးချင်းအရည်အသွေးမြင့်သင်တန်းများ၊ စက်မှုနှင့်ကုန်ထုတ်လုပ်ရေးနယ်ပယ်နှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်၊ အထည်ချုပ်လုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ဆေးဝါးများ ပူးပေါင်းထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here