ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများခြင်းကြောင့် ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးတက်လာ

0
321

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများလာခြင်းကြောင့် ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးနှုန်းမြင့်တက်လာကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားသူ ရာနှင့်ချီကာရှိနေပြီး အဆိုပါလူနာများထဲမှ ထက်ဝက်ဝန်းကျင် ဆေးရုံမှပြန်ဆင်းသွားကြပြီဖြစ်သည့်အပြင် ကျန်လူနာများမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းဝန်ကြီး ဌာနမှ အသိပေးထားသည်။

ဝမ်းရောဂါဖြစ်ပွားသူ တွေ့ရှိနှုန်းအနေဖြင့် ဇူလိုင်လ (၅) ရက်မှ (၁၃) ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ (၆၀၀) ဝန်းကျင်ရှိပြီဖြစ်ကာ ယင်းတွင် (၄၅၀) ကျော်သည် ဆေးရုံဆင်းပြီဖြစ်ကြောင်း သိရသည်။

သို့သော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရာတွင် အများဆုံး သောက်သုံးသည့် BPI ဓာတ်ဆားထုပ်အပါအဝင် ဝမ်းပိတ်ဆေးဝါးအချို့သည် ဈေးမြင့်တက်လာသလို ဘိုင်အိုဖလော‌ ဆေးမှုန့်ထုပ်သည်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်နေကြောင်း သိရသည်။

” ဓာတ်ဆားထုတ်တောင် အရင်က ၅၀၀ လောက်ပဲရှိတာ။ ဟိုနေ့က ၁၂၀၀ လောက်ပေးရတယ်။ ဘိုင်အိုဖလောဆိုရင် အစက ၁၄၀၀ ပဲရှိတယ်။ အခု ၃၅၀၀ ။ အဲဒါတောင်ဝယ်မရဘူး။ ပစ္စည်းပြတ်နေတယ်” ဟု ဝယ်ယူသုံးသွဲသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ ဈေးများတွင်လည်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်မူ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးထားသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here