ဘဏ်များတွင်လူများဆဲဖြစ်သော်လည်း ယခင်အပတ်လောက် မခက်ခဲ

0
403

ပြီးခဲ့သည့် တစ်ပါတ်တွင် ဘဏ်များ၌ အကန့်အသတ်ဖြင့်သာငွေထုတ်ပေးခြင်းကြောင့် ဂယက်ရိုက်ခဲ့ပြီးနောက် ယခုအခါ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများပုံမှန်အတိုင်းငွေထုတ်ယူနိုင်သလို ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဘဏ်များမှ လူမှုကွန်ရက်မှတဆင့် အသိပေးကြေညာထားသည်။

” ပိုက်ဆံက ဒီမနက်သွားထုတ်တော့ ပြန်ထုတ်လို့ရနေပြီ။ ပုံမှန်အတိုင်းပဲပေါ့။ ဒါပေမဲ့လူကတော့ နည်းနည်းများတယ်” ဟု ‌ဘဏ်တွင်ငွေထုတ်ယူသူတစ်ဦးက ပြောသည်။

ပြည်တွင်းရှိ AYA Bank နှင့် CB Bank မှလည်းနီးစပ်ရာဘဏ်များ၌ Card များနှင့် ငွေသားထုတ်ယူခြင်း၊ ပေးသွင်းခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုဂ္ဂလိက ဘဏ်များ၌ ငွေထုတ်ယူရာတွင် အကန့်အသတ်ဖြင့်သာ ထုတ်ပေးမှုများ ရှိခဲ့သည့်အတွက် အများပြည်သူ အထိတ်တလန့် ဖြစ်ပေါ်ခဲ့ရပြီး တန်းစီစောင့်ဆိုင်းကာ ငွေသားထုတ်ယူမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေဖြစ်သည်။

ယင်းသို့ ဖြစ်ပေါ်ခဲ့ပြီးနောက် နစက အတွင်းရေးမှူးနှင့် ဘဏ်တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ပုံမှန်အတိုင်း ငွေထုတ်ပေးကြရန် ဘဏ်များအား ညွှန်ကြားမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

“မနက်က ငွေ ပို့တဲ့ကား အစီး၂၀ လောက်လမ်းမှာတွေ့လိုက်တယ်၊ ထုတ်တာကတော့ အရင်အပတ်လောက် မကျပ်တော့ဘူး၊ ဒါပေမယ့် ဘဏ်မှာ လူတွေကတော့အများကြီးပဲ”ဟု ယနေ့မနက် ဘဏ်သွားခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“အရင်အပတ်က ကုမ္မဏီအနေနဲ့ တရက် သိန်း ၅၀ ထုတ်လို့ရခဲ့တယ်၊ခုမနက်တော့ သိန်း၁၀၀ ထုတ်ပေးတယ်၊ ကုမ္မဏီအကောင့်မဟုတ်တဲ့ တစ်ဦးချင်းအကောင့်တွေကတော့ ဘဏ်ပေါ်မူတည်ပြီး ထုတ်လို့ရတာတွေကွဲမယ်ထင်တယ်။ တချို့လည်း individual ၅သိန်းပဲ ရတယ်ပြောတယ်”ဟု ငွေအထုတ်အသွင်းများသည့် ကုမ္မဏီတစ်ခုက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here