မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအုပ်စု(၂၀)အုပ်စုနှင့် သီးနှံဧက (၁၅၇၅၁)သို့မြစ်ရေများ ဝင်ရောက်နေ

0
130

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအုပ်စု (၂၀)အုပ်စုသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိရာ ရေဘေးသင့် အိမ်ထောင်စုများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပြီး သီးနှံဧက (၁၅၇၅၁)ဧက မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ် ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းမှ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှာ (၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာသို့ ရောက်နေပြီး မိုးညိုမြို့နယ်၏ စိုးရိမ်ရေအမှတ် (၅၄.၁၀)ပေ (၁၆၄ ၉) စင်တီမီတာအထက် (၂.၉၅)ပေ၊ (၈၉၉)စင်တီမီတာသို့ ရောက်ရှိလာကြောင်း သိရသည်။ 

ထိုသို့ မြစ်ရေမြင့်တက်လာရာ မိုးညိုမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာခွဲ(၇၇)ရွာ၊ အိမ်ခြေ(၈၇၄၀)အိမ်သို့ ပျမ်းမျှမြစ်ရေအမြင့်(၁.၅)ပေခန့် ယမန်နေ့ ဇူလိုင် (၁၄)ရက်မှစတင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့၏ ဧရာဝတီမြစ်ရေတားတာ အပြင်ဘက်အနိမ့်ပိုင်းတွင် နေထိုင်သည့် မိုးညိုမြို့နယ်၊ ရေကင်းအုပ်စု၊ ရေကင်းရွာရှိ အိမ်ခြေ(၁၃)အိမ်မှ အိမ်ထောင်စု(၁၃)စု၏ လူဦးရေ ကျား(၁၉)ဦး၊ မ(၂၃)ဦး၊ ပေါင်း(၄၂)ဦးတို့ကို ရေကင်းရွာဇရပ်သို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။ 

ထို့ပြင် လက်ပံခုံအုပ်စု၊ ပြည်တော်သာရွာရှိ အိမ်ခြေ(၄)အိမ်မှ အိမ်ထောင်စု(၄)စု၏ လူဦးရေ ကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၂)ဦးတို့မှာ နီးစပ်ရာဆွေမျိုးအိမ်များသို့လည်းကောင်း၊ စပါယ်မျှောင်အုပ်စု၊ စိန်တိုင်ရွာရှိ အိမ်ခြေ(၇)အိမ်မှ အိမ်ထောင်စု(၇)စု၏ လူဦးရေကျား(၇)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၄) ဦးတို့မှာ စိန်တိုင်ဘုန်းတော်ကြီးကျောင်းသို့ အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုမှ တောင်သူ(၄၆၁၇) ဦး၏ မိုးစပါး (၁၃၇၇)ဧက၊ မိုးနှမ်း(၁၃၄၉၉)ဧက၊ မိုးမြေပဲ (၂၀၉)ဧက၊ မိုးငရုတ်စို(၄၄)ဧက၊ ဖူးစားပြောင်း(၂၇၂)ဧက၊ ပဲစဉ်းငုံ(၆)ဧက၊ ပန်းအမျိုးမျိုး (၁၇၆)ဧက၊ ချဉ်ပေါင်လျှော် (၂)ဧက၊ ဟင်းသီးဟင်းရွက်(၁၆၆)ဧက စုစုပေါင်းသီးနှံဧက (၁၅၇၅၁)ဧက မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here