အခွန်ထမ်းများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ညီညွတ်မျှတသော အခွန်အခများ တိုးတက်ရရှိရေးအတွက်ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

0
104

အခွန်ကောက်ခံရရှိမှုမှာ နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို ပုံဖော်ပြောင်းလဲနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်၍ ရသင့်ရထိုက်သည့် အခွန်များ အပြည့်အဝ ကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ညီညွတ်မျှတသော အခွန်အခများ တိုးတက်ရရှိရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပူးပေါင်း ပါဝင်ကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၁၅)ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပစဉ် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုး ဆောင်ရွက်နိုင်ရန် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့အဆင့်ဆင့်ကို ဖွဲစည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၏ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ကိုလည်း အဖွဲ့ဝင်(၁၃) ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အခွန်အခများ တိုးတက်ရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက အခွန်ငွေပမာဏတိုးမြှင့်စည်းကြပ်ခြင်းထက် အခွန်နယ်ပယ်ချဲ့ထွင်၍ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံရန် လမ်းညွှန်မှာကြားထားကြောင်း ပြောကြားသည်။

ကောက်ခံရမည့်အခွန်များ၊ ဒေသအတွင်းရှိ ပြည်တွင်း အခွန်များဦးစီးဌာနရုံးများက ကောက်ခံပေးရမည့် အခွန်များ၊ ဝန်ဆောင်မှု(၅)မျိုးနှင့် အခြားကောက်ခံရမည့် အခွန်များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ရခိုင်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့က အခွန်ကောက်ခံသည့် သက်ဆိုင်ရာဌာနများကို တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်ကောက်ခံမှုဖြစ်စေရေး ကြပ်မတ်ပေးရန်နှင့် အခွန် ကောက်ခံမှု တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

အခွန်ထမ်းများ တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရန် စည်းရုံး ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်ကို အသုံးပြု၍ အဂတိလိုက်စားမှုများမဖြစ်ပေါ်စေရေး ကြီးကြပ်ခြင်းစသည့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ထွန်းက အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ အခွန်စနစ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံနေသည့် အခွန်အမျိုးအစားများနှင့် ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများစသည့် ကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေ၊ နည်းဥပဒေပါ ပစ္စည်းခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here