မြန်မာ့လက်မှု အနုပညာ မတိမ်ကောစေရန် ပြည်တွင်းဖြစ် ထုတ်ကုန် ပစ္စည်းများကို အားပေးခြင်းဖြင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပါ

0
202

အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာမတိမ်ကော မပပျောက်စေရန်၊ ပြည်သူလူထုအနေဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို အားပေးကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တိုက်တွန်း ပြောကြားသည်။

အမျိုးသားပြတိုက် (နေပြည်တော်) (၉) နှစ်ပြည့်အထိမ်းအမှတ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲ ဖွင့်လှစ်ပြသခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲ၌ မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိပ်ဒီဇိုင်းများ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့သည့် အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး(၈)မျိုး၏ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ကြောင်း၊ အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာမတိမ်ကော မပပျောက်စေရန်၊ ပြည်သူလူ ထုအနေဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို အားပေးကြရန်နှင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာကြစေရန်အတွက် ပြတိုက်များက ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှု အထောက်အထားများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ-သုံးထောင်ခန့်ကပေါ်ထွန်းခဲ့သည့် ကြေးခေတ်၊ သံခေတ်ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့အစည်းများတွင် ချည်ထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည့် အထောက်အထားပြကွက်၊ ပျူခေတ်တွင်တွေ့ရှိရသော ဝတ်စားဆင်ယင်မှု အထောက်အထားများအရ ချည်ထည်ရက်လုပ်သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့် အထောက်အထားများ ပြကွက်၊ ပုဂံခေတ်အဝတ်ပန်းချီများ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာ ချည်ထည်ရက်လုပ်သုံးစွဲမှု အဆင့်ဆင့်ပြကွက်များ၊ အချိပ်ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး(၈)မျိုးတို့၏ ဝတ်စားဆင်ယင်မှု ပြသထားသည့် ပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အမျိုးသားပြတိုက်(နေပြည်တော်) တွင် အဆောင်(၅)ဆောင် ပါဝင်ကာ ပြခန်း (၁၃) ခန်းကို အများပြည်သူအား ဖွင့်လှစ်ပြသလျက်ရှိပြီး မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲကို ဇူလိုင် (၁၆) ရက်မှ (၂၈) ရက်အထိ အခမဲ့ (၁၀) ရက် ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here