သန့်စင်ပြီး ရေများကို မန်းစည်ပင်က ဖြန့်ဖြူးပေးမှု အခြေအနေ

0
140

မန္တလေးတိုင်းဒေသကြီးတွင် ရေအရင်းအမြစ်မျိုးစုံမှ ရေများရယူ၍ သန့်စင်ပြီး ရေများကို မြို့နေပြည်သူလူထုထံ သောက်သုံးရေ ဖြန့်ဖြူးပေးနေမှု အခြေအနေအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူ၍ ရေအရင်းအမြစ်မျိုးစုံမှ ရေများရယူကာ သန့်စင်ပြီး ရေများကို ရေသိုလှောင်ကန်သို့ ပိုဆောင်ပြီး ရေတွန်းစက်ရုံရှိ ရေတွန်းစက်များဖြင့် ရေဖြန့်ဖြူးရေးကွန်ယက်အတွင်းသို့ တွန်းလွှတ်ကာ စည်ပင်မှ ရေယူထားသော ရေသွယ်များမှ တဆင့် ရေအသုံးပြုသူများထံ နေ့စဉ် ရေဖြန့်ဖြူးပေးဝေနေကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်မှ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီမြစ်ရေကို စုပ်တင်သည့် ရေယူနေရာသို့လည်းကောင်း၊ အမှတ်(၁၂)ရေတွန်းစက်ရုံသို့လည်းကောင်း၊ အမှတ်(၄) ရေတွန်း စက်ရုံသို့လည်းကောင်း၊ အမှတ်(၃)ရေတွန်း စက်ရုံသို့လည်းကောင်း၊ ထိုမှတဆင့် ဒုဌဝတီမြစ်ရေကို စုပ်တင်သည့် ရေယူနေရာသို့လည်းကောင်းသွားရောက်ခဲ့သည်။

ဧရာဝတီမြစ်ရိုးတလျှောက် အနက် (၁၆၀) မီတာ၊ အချင်း (၄၀၀) မီလီမီတာရှိ စက်ရေတွင်း (၃၀) တူးဖော်ပြီး Vertical Turbine Pump များ သုံး၍ ဂါလန် (၅) သန်းဆန့် အမှတ် (၁) ရေတွန်းစက်ရုံသို့ ပို့ဆောင်ကာ နေ့စဉ်ရေဖြန့် ဖြူးလျက်ရှိကြောင်း၊ ထို့အတူ ဧရာဝတီမြစ်အတွင်း ရေအတက်အကျအပေါ် မူတည်၍ Pontoon အသုံးပြုပြီး ဂါလန် (၈) သန်းဆန့် အမှတ် (၈) ရေတွန်းစက်ရုံသို့ ပေးပို့၍ ထိုမှတဆင့် ဂါလန် (၂.၅) သန်းဆန့် မန္တလေးတောင်ရေလှောင်ကန်၊ ဂါလန် (၁.၅) သန်းဆန့် အမှတ် (၃) ရေတွန်း စက်ရုံသို့ ပေးပို့၍ ရေဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ထို့ပြင် ဆည်တော်ကြီးမှ ရေအား ကျုံးအတွင်းပေးသွင်းနေသော ရေစစ်ကန်မှတဆင့် အမှတ် (၄) ရေတွန်းစက်ရုံရှိ ဂါလန် (၄) သန်းဆန့် ကန်အတွင်းထည့်၍ သန့်စင်ပြီး မြို့၏ အရှေ့မြောက်ဘက်အပိုင်းအား ရေဖြန့်ဖြူးပေးနေမှု၊မြို့တွင်းနေရာအနှံ့တွင် ပုဂ္ဂလိက စက်ရေတွင်းများဖြင့် မြေအောက်ရေ ရယူ အသုံးပြုနေမှုနှင့် ပတ်သက်၍ မန်းစည်ပင် ရေ/သန့် ဌာနမှူး ဦးထွန်းဝင်းကရှင်းပြခဲ့ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ်မှ စ၍ ဒုဌဝတီမြစ်ရေတင်လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ရာ ရေယူ အဆောက်အအုံ၊ ဂါလန် (၄) သန်း ဆန့် ရေသိုလှောင်ကန်၊ (၄၀၀) မမ ရေပိုပိုက်လိုင်း (၅၀၀၀) မီတာခန့် ချထားဆောင်ရွက်ပြီးဖြစ်၍ မကြာမီ မြို့၏ အရှေ့တောင်ဘက်ခြမ်းသို့ ရေဖြန့်ဖြူးပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးရာဝန်ကြီးဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရေတွန်းစက်ရုံများသို့ ယမန်နေ့ ဇူလိုင် (၁၅)ရက်က သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here