ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ တံတားတစ်စင်းပြို-ကျမှုကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရက်အတန်ကြာပိတ်မိနေ

0
118

ကချင်အထူးဒေသ(၁) မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းပိုင်းအတွင်း အရေးပါသည့် (၇) မိုင်တံတား(ဒေသအခေါ်) ပြို-ကျမှုကြောင့် ဒေသတွင်း ခရီးသွားယာဉ်ငယ်အပါအဝင် ကုန်တင်ယာဉ်အချို့ ရက်အတန်ကြာပိတ်မိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

အဆိုပါ တံတားသည် ပေ(၅၀)နှစ်ထပ် ဘေလီတံတားအမျိုးအစားဖြစ်ပြီး ယင်းဒေသတွင်း မိုးရက်ဆက်ရွာသွန်း‌မှုကြော င့် ဇူလိုင်(၁)ရက် ညနေပိုင်းတွင် ပြို-ကျခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

” တံတားချဉ်းကပ်လမ်း ရေတိုက်စားလို့ မြေပြိုပြီး ချဉ်းကပ်တိုင်ပါ ပြို-ကျသွားတာ။ ဒီလမ်းပိုင်းက တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းတစ်ခုပါပဲ။ မူဆယ်ဘက်လိုတော့ မများဘူးပေါ့။ အခုတော့ ကချင်အထူးဒေသ(၁)ဆောက်လုပ်ရေးအဖွဲ့က ယာယီသွားလို့ရအောင်ပြင်ဆင်ပေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်း(၇)မိုင်တံတားမှာ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ချီဖွေမြို့မှ (၇)မိုင်အကွာ၊ ပန်ဝါမြို့မှ (၃၅) မိုင်အကွာတွင် ဆောက်လုပ်ထားသော တံတားငယ်တစ်စင်းလည်းဖြစ်သည်။

“အခုက လမ်းပိုင်းတစ်လျှောက် ရက်ရှည်မိုးရွာတာကြောင့် လမ်းပိုင်းတွေတော်တော်ပျက်ဆီးတယ်။ ဒါကို အထူးဒေသ(၁)ဆောက်လုပ်ရေးအဖွဲ့ကပဲ တာဝန်ယူပြီး လမ်းတွေတ ဖြည်းဖြည်းချင်း ရှင်းနေရတာပေါ့။ အခုပြို-ကျတဲ့တံတားကလည်း ပြန်ဆောက်ဖို့က ဒေသလုံခြုံရေးအခြေအနေအရ မဆောက်နိုင်သေးဘူးလို့ သိရတယ်။ ကွင်းလမ်းတော့ အခုလုပ်ပေးထားတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အဆိုတံတားပြို-ကျမှုကြောင့် ဇူလိုင် (၁)ရက်မှ ဇူလိုင် (၁၄) ရက်အထိ ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ရပြီး၊ ဇူလိုင် (၁၆) ရက်တွင် ပြန်လည်ဖောက်လုပ်ပေးထားသော ကွင်းလမ်းမှတဆင့် အကန့်အသတ်ဖြင့် စောင့်ဆိုင်းကာ သွားလာနေကြရကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ရက်ရှည်မိုးရွာသွန်းမှုကြောင့် တနိုင်းသွား လီဒိုလမ်းမကြီးတလျှောက်တွင်လည်း မြေပြို-ကျသည့်ဖြစ်စဉ်များကြောင့် လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားနေပြီး၊ ဒေသတွင်းလုံခြုံရေးအခြေအနေကြောင့် ပြင်ဆင်မည့်သူမရှိကာ ယာဉ်မောင်းများနှင့် ဒေသခံများတစ်ပိုင်တနိုင်ရှင်းလင်း၍ သွားလာနေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here