ထိုင်းတွင် ရက် (၁၂၀) စီမံကိန်းအတွင်း အထောက်ထားမဲ့ အလုပ်သမား တစ်သိန်းကျော်ဖမ်းဆီး၊ မြန်မာနိုင်ငံသား ရှစ်သောင်းကျော်ပါဝင်

0
222

ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ဝန်ကြီးဌာန၏ တရားမဝင် အလုပ်သမား တိုက်ဖျက်ရေး ရက် (၁၂၀) စီမံကိန်း၏ (၃၆) ရက်အတွင်း အထောက်ထားမဲ့အလုပ်သမား (၁)သိန်းကျော် ဖမ်းမိထားကာ မြန်မာနိုင်ငံသား (၈၀၀၀၀)ကျော် ပါဝင်နေကြောင်း Nation Thailand သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ (၅) ရက်မှ ဇူလိုင်လ (၁၁) ရက်အတွင်း တရားမဝင် အလုပ်သမား ၁၀၈,၈၇၅ ယောက်ကို ဖမ်းဆီးခဲ့ကာ မြန်မာနိုင်ငံသား ၈၀,၉၁၃ ယောက်၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၆,၅၀၇ ယောက်၊ လာအိုနိုင်ငံသား ၇,၈၀၄ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၀၄ ယောက်နှင့် အခြားနိုင်ငံများမှ ၃,၅၄၇ ယောက်ပါဝင်နေကြောင်း သိရသည်။

ဖမ်းဆီးထားသူများနှင့် ပက်သက်၍ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာထားသော်လည်း မည်ကဲ့သို့အရေးယူမှုမျိုးဆောင်ရွက်မည်ကို ဖော်ပြထားခြင်းမျိုး မရှိသေးပေ။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေများတွင်မူ ပြည်ပအလုပ်သမားများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း မရှိသော၊ အလုပ်ပါမစ်မရှိသော နိုင်ငံခြားသား အလုပ်သမားများ၊ ထိုင်းအစိုးရက ခွင့်မပြုထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်သူများသည် ပြည်နှင်ဒဏ်ပေးခံရနိုင်သလို ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် (၂) နှစ် ပိတ်ပင်ခံရခြင်းမျိုးရှိကာ ဒဏ်ငွေဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျသင့်နိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here