ညောင်ဦးမြို့နယ်မှ ရေဘေးရှောင်ပြည်သူ (၁၄၇)ဦးအတွက် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး အသိပညာပေး

0
112

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်နေရသည့် ပြည်သူ (၁၄၇)ဦးအတွက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ရေဘေးရှောင် ပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ ရွှေတွင်းရပ်ကွက်နှင့် မြင်းကပါကျေးရွာသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ လာရောက်ခိုလှုံနေသည့် ရေဘေးရှောင်များ လိုအပ်နေသည့် ပစ္စည်းများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင် (၁၆)ရက်က သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာလှမျိုးနိုင်နှင့် ဝန်ထမ်းများမှ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ရွှေတွင်းရပ်ကွက်မှ ရေဘေးရှောင်နေရသည့် ရွှေမြင်တင်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ခိုလှုံနေသူ (၉၂)ဦးအတွက် ရေသန့်ကတ်ကြီး (၉၂)ကတ်၊ အသင့်စားခေါက်ဆွဲခြောက် (၁၀)ထုပ်ပါ အထုပ်ကြီး (၉၂)ထုပ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အားဆေးများ၊ Hand Gel များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြင်းကပါကျေးရွာရှိ ရေဘေးရှောင်ပြည်သူ (၅၅)ဦးတို့ကိုလည်း ရေသန့်ကတ်ကြီး (၅၅)ကတ်၊ အသင့်စားခေါက်ဆွဲခြောက် (၁၀)ထုပ်ပါ အထုပ်ကြီး (၅၅) ထုပ်တို့အား ဆက်လက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရေဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားရေး ရေကိုကျိုချက်သောက်သုံးကြရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဖြင့် ကူးစက်ရောဂါဖြစ်ပွားခြင်း ကင်းဝေးနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ဇူလိုင် (၁၄)ရက်ခန့်မှ စတင်၍ ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိရာ ဒေသခံအချို့ ရေဘေးရှောင်နေပြီး စာသင်ကျောင်းအချို့လည်း ယာယီပိတ်ထားရကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ် အပါအဝင် ချင်းတွင်းမြစ်၊ ငဝန်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ တိုးမြစ်အစရှိသည့် မြစ်များမှ မြစ်ရေမှာ တိုးလာနေရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာပြည်အထက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီးပါက မကြာခင် မြန်မာပြည်အောက်ပိုင်းတွင်လည်း ရေကြီးလာနိုင်သောကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့် ဒေသများအနေုဖြင့်လည်း ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ရေဘေးလွတ်ရာ ကုန်းမြင့်များကဲ့သို့ နေရာများတွင် သွားရောက်နေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here