လူနာများဝယ်ရခက်သည့်ဆေးများကို ဆေးမှတ်တမ်းဖြင့်လာရောက်ဝယ်ယူနိုင်

0
107

ဆေးကုမ္ပဏီများမှ ပြည်သူများထံဇူလိုင်ယနေ့ဇူလိုင်(၁၇) ရက်မှစတင်၍ ဆေးဝါးများကို တိုက်ရိုက်ရောင်းချပေးနေပြီး လူနာများဝယ်ရခက်သည့်ဆေးများကိုလည်း ဆေးမှတ်တမ်းဖြင့်လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ ပြည်သူများထံသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ယနေ့မှစ၍ ရောင်းချပေးလျက်ရှိသည်။

” လူနာတွေဝယ်ရပြုရခက်ခဲမှာစိုးရင် မိမိသောက်နေကျဆေးတွေ၊ဆေးကတ်တွေ ၊ ဆေးဘူးတွေ လူနာမှတ်တမ်းတွေယူလာပြီး ဝယ်လို့ရတယ်။ လူနာတွေဆေးဝယ်မှားတာတို့ မသိတာတို့ဖြစ်မှာစိုးရင် Medical Team ထားပေးထားတယ် ၊ဒါ့အပြင် လူနာ သောက်နေကျ ဆေးက ရှာမရဘူး၊ ဈေး အလွန်ကြီးတယ်ဆိုရင် အစားထိုးသောက်နိုင်တဲ့ အလားတူ ဈေးချိုတဲ့ ဆေးများကိုလည်း Help Centre Medical Team က အကြံပေးပါတယ်။” ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးဝါးရောင်းချပေးမှုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ စတင်၍ အပတ်စဥ်တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးဝါးများရောင်းချပေးသွားမည်ဖြစ်သည်။

လူနာအများဆုံးသောက်သုံးသည့် သွေးတိုးကျဆေး၊သွေးကျဲဆေး၊ဆီချိုဆေး၊ဝမ်းနှင့်ပတ်သက်သည့် ဆေး၊ ကလေးဆေးများ၊ ဖျားနာပျောက်ဆေးများ အစရှိသည့်ဆေးဝါးများကို ဆေးကုမ္ပဏီပေါင်း ၅၀ ဝန်းကျင်မှ ပြည်သူများလိုအပ်နေသည့်ဆေးဝါးများကို အပြင်ထက် ၁၀ ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားဖြစ် ဆေးဝါးများသည် ဒေါ်လာငွေလဲနှုန်းကြောင့် ဈေးသုံးဆနီးပါးမြင့်မှုလာရှိသလို နာတာရှည်ရောဂါသည်များ သုံးစွဲနေရသည့် ဆေးဝါးအချို့ ဈေးကွက်အတွင်း ပြတ်လပ်မှုများရှိနေကြောင်း ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။

မြန်မာ့ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here