ရုံးပိတ်ရက်(၃) ရက်ရသည့်အတွက် သွားရလွယ်ကူသည့် ချောင်းသာနှင့် ပုဂံတွင် ကြိုတင်ဘိုကင်များ များပြားနေ

0
89

အာဇာနည်နေ့မှ စတင်သည့် ရုံးပိတ်ရက်ကာလအတွင်း သွားရလွယ်ကူသည့် ချောင်းသာနှင့် ပုဂံရှိ ဟိုတယ်အခန်းများ ကြိုတင်ဘိုကင်များဖြင့် များပြားနေကြောင်း စုံစမ်းသိရသည်။

အာဇာနည်နေ့ဖြစ်သည့် ဇူလိုင်လ (၁၉) ရက် သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေ (၃)ရက် ဆက်တိုက်ဖြစ်သောကြောင့် ဇူလိုင်လ (၁၉) ရက်မှ (၂၁)ရက်အထိ သုံးရက်ဆက်တိုက် အစိုးရရုံးပိတ်များဖြစ်သည်။

ထို့ကြောင့် အဆိုပါ ရုံးပိတ်ရက်(၃)ရက်အတွင်း သွားရလွယ်ကူကာ နယ်မြေအေးချမ်းသည့် ဒေသများကို ခရီးသွားမည့်လူများ များနေခြင်း ဖြစ်သည်။

လက်ရှိတွင် ချောင်းသာကမ်းခြေရှိ တည်းခိုရန်နေရာများ၌ အခန်းပြည့်နေကြောင်း ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။

“မိုးတွင်း Discount ချတာတွေလည်းရှိတယ်။ နီးလည်းနီးတော့ လာကြတာပေါ့။ အခန်းရဖို့ မလွယ်ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်-ချောင်းသာ ကားလက်မှတ်များမှာမူ ယနေ့ညနေမှစတင်ကာပြည့်နေကြောင်း ပေါ်ပြူလာနယူးမှ စုံစမ်းသိရပြီး ရန်ကုန်-ပုဂံလက်မှတ်များမှာမူ ဝယ်ယူ၍ ရနေသေးသည်။

ထိုနည်းတူ ရန်ကုန် အနီးအနားရှိ ခရီးစဉ်အတို (short trip) ခရီးစဉ်များလည်း လူပြည့်နေကြောင်း ခရီးသွား group များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here