ဟိုပန်ခရိုင် “ဝ” ဒေသအစိုးရအဖွဲ့က လားရှိုးစစ်ဘေးရှောင် (၁၀၀) ကျော်အတွက် စားနပ်ရိက္ခာအပြင် တစ်ဦးလျှင်တရုတ်ယွမ်ငွေ (၁၀၀)စီ ထောက်ပံ့

0
90

“ဝ” ဒေသ ဟိုပန်မြို့သို့ ရောက်ရှိလာသည့် လားရှိုး‌ ဒေသခံ စစ်ရှောင် (၁၂၀) ဦးအတွက် ဟိုပန်ခရိုင် “ဝ” ဒေသအစိုးရက စားနပ်ရိက္ခာများအပြင် စစ်ရှောင်တစ်ဦးလျှင် တရုတ်ငွေ ယွမ်တစ်ရာ (ကျပ် ၆ သောင်းကျော်) စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ ဇူလိုင် (၁၇) ရက် က ဟိုပန်ခရိုင် “ဝ”ပြည်သူ့အစိုးရ ဒုတိယခရိုင်မှူး ဦးညီနပ် က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု “ဝ” လူငယ့်အသံကွန်ရက်က ဖော်ပြထားသည်ကို တွေ့ရသည်။

လားရှိုးဒေသခံ စစ်ရှောင်များမှာ ဟိုပန်မြို့သို့ ဇူလိုင် (၁၅) ရက် ညနေပိုင်းအချိန်မှစတင်ကာ အသုတ်လိုက် ခိုလှုံလာရန် ရောက်ရှိလာကြခြင်းဖြစ်ကာ ဟိုပန်နယ် “ဝ” အသင်းတော်က လက်ခံထားရှိပြီး ဆက်လက် ခိုလှုံရန်လည်း လာရောက်နေသေးကြောင်း သိရသည်။

ထို့အတူ တန့်ယန်းနယ် “ဝ” အဖွဲ့ချုပ်အသင်းတော်နယ်ရုံးသို့လည်း လားရှိုးစစ်ဘေးရှောင်များရောက်ရှိ နေသဖြင့် လက်ခံလျှက်ရှိကြောင်း သိရသည်။

ယင်း ထောက်ပံ့မှုများအတွက် “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် – UWSA တာဝန်ရှိသူများနှင့် အခြားသော အလှူရှင်များ ပူးပေါင်းကာ လှူဒါန်းထောက်ပံ့နေကြခြင်းလည်းဖြစ်သည်။

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် – UWSA အနေဖြင့် ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းကလည်း ကိုးကန့်ဒေသရှိ စစ်ဘေးရှောင်များကိုလည်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here