အိန္ဒိယသံရုံးမှ ကင်ဆာရောဂါကုသစက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်း

0
264

ယနေ့ ဇူလိုင်လ ၁၈ရက်နေ့၌ အိန္ဒိယသံရုံး၊ ရန်ကုန်သည် ကင်ဆာရောဂါကုသမည့်စက်များအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Abhay Thakur သည် အဆင့်မြင့် Telecobalt ကင်ဆာကုထုံးစက် Bhabhatron II နှင့် Digital Radiotherapy Simulator ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးဘိုဌေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် Bhabhatron II နှင့် Imagin လှူဒါန်းသည့် ကဗ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းကာ အိန္ဒိယသံအမတ်ကြီးမှ စက်လှူဒါန်းရသည့် အကြောင်းအရင်းပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားကာ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား အိန္ဒိယနိုင်ငံသံအမတ်ကြီးထံသို့ ပေးအပ်ခဲ့သည်။

Bhabhatron II သည် အထူးကုသရန်လိုအပ်နေသော ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းအတွက် နောက်ဆုံးပေါ် အထိရောက်ဆုံးနည်းပညာဖြစ်ကာ၊ ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာရောဂါကို ကုသနိုင်စေပြီး အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာရှိ ကင်ဆာဌာနအသီးသီးမှ ထိရောက်သော ကုသမှုပုံစံဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here