ကော့ကရိတ်မြို့နယ်အတွင်း စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိလာသဖြင့် အရေးပေါ် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေ

0
107

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိလာသဖြင့် အရေးပေါ် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုဇူလိုင်လအတွင်း က–လေ–းငယ်နှစ်ဦး စစ်ကျန်လက်နက်ပစ္စည်းတစ်ခုအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသထားရကြောင်း ဆိုသည်။

အလားတူ ဧပြီလအတွင်း ကော့ကရိတ်မြို့သို့ စစ်ရှောင်များ ပြန်လည်ဝင်ရောက်ပြီး နောက်ပိုင်းတွင်လည်း အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး စစ်ကျန်လက်နက်အား ကောက်ကိုင်လွှင့်ပစ်ရာမှ ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဆိုသည်။

လက်ရှိတွင် သက်ဆိုင်ရာမှ ကော့ကရိတ်မြို့အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ အန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းများ ကပ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

” အသိပညာပေးဖို့ အရေးပေါ်လိုအပ်တယ်လို့မြင်တယ်။ အရင် စစ်ရှောင်တုန်းကတော့ ရွာတွေဘက်ကို အသိပညာပေးတဲ့ အဖွဲ့တွေလာတယ်။ အခုကတော့ မလာကြဘူး။ ဗီနိုင်းကပ်ပြီကြော်ညာတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒေသခံတွေက ဒါကိုမဖတ်ကြဘူး။ လက်ကမ်းစာစောင်တွေများများဝေငှပေးနိုင်ရင် ပိုထိရောက်မယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများကြောင့် မိုင်းနှင့် ကြွင်းကျန်လက်နက်များရှိနေရာ အရပ်သားပြည်သူ‌ေ-သဆုံးမှုမှာလည်းမြင့်တက်လာပြီး၊ ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသည် စစ်ကျန်လက်နက်ကြောင့် ထိခိုက်‌ေ-သဆုံးမှုအများဆုံး ဒေသတစ်ခုဖြစ်လာသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်များအရ  ၂၀၂၃ ခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၁၀၅၂) ဦးရှိကြောင်း ဖော်ပြထားသည်။

ထို ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သော အရေအတွက်ထက် သိသိသာသာမြင့်တက်လာကာ နှစ်ဆထက် ကျော်လွန်ခဲ့ကြောင်း ဆိုသည်။

ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်းတွင် ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း ၏ (၃၅) ရာခိုင်နှုန်းရှိခဲ့ပြီး ရှမ်းတွင် (၁၂) ရာခိုင်နှုန်းနှင့် ပဲခူးတွင် (၉) ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၄၃) ရာခိုင်နှုန်းရှိသည်။

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၂၁) ရာခိုင်နှုန်းသည် က–လေ–းများဖြစ်ကြကြောင်း အသိပေးချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here