ပြည်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေး တစ်လျှောက် အိမ်ခြေများမှ လူဦးရေ (၁၁၀၀၀)ကျော်အား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရ

0
124

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း၊ ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး တလျှောက်ရှိ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေများမှ လူဦးရေ (၁၁၀၀၀)ကျော်အား ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးနေရကြောင်း သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ပြည်မြို့ ဧရာဝတီမြစ်ကမ်းဘေး တလျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စုများ နေအိမ်များသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေ (၂၇၇၉)၊ အိမ်ထောင်စု(၂၇၇၉)၊ လူဦးရေ အမျိုးသား (၅၂၄ ၅)ဦး၊ အမျိုးသမီး (၆၀၈၈)ဦး၊ စုစုပေါင်း(၁၁၃၃၃)ဦးအနက်မှ နဝင်းရပ်ကွက်ရှိ အိမ်ခြေ (၁၄၃)၊ အိမ်ထောင်စု(၁၄၃)၊ အမျိုးသား (၂၉၁)ဦး၊ အမျိုးသမီး (၃၅၆)ဦး၊ စုစုပေါင်း (၆၄၇)ဦးမှာ ရွှေပလ္လင်မှော်ဘုရား ဓမ္မာရုံတွင်ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

ထို့ပြင် နဝင်းရပ်ကွက်ရှိ အိမ်ခြေ(၁၈၄)၊ အိမ်ထောင်စု(၁၈၄)၊ အမျိုးသား (၃၉၄)ဦး၊ အမျိုးသမီး (၃၂၆)ဦး၊ စုစုပေါင်းအင်အား(၇၂၀)ဦးကို ဝါဆိုဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

အလားတူ ပြည်သာယာရပ်ကွက်ရှိ အိမ်ခြေ(၆၂)၊ အိမ်ထောင်စု(၆၂)၊ အမျိုးသား (၁၀၇)ဦး၊ အမျိုးသမီး (၁၄၀)ဦး၊ စုစုပေါင်းအင်အား(၂၄၇)ဦးမှာ ရွှေမြရတနာဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကုန်းသာလင်းကျေးရွာအုပ်စုရှိ အိမ်ခြေ (၂၆)၊ အိမ်ထောင်စု(၂၆)၊ အမျိုးသား (၄၇)ဦး၊ အမျိုးသမီး (၅၃)ဦး၊ စုစုပေါင်းအင်အား(၁၀၀)ဦးကို သဲဖြူဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

အနောက်လက္ခုပ္ပင်အုပ်စုမှ အိမ်ခြေ (၄၈)၊ အိမ်ထောင်စု (၄၈)စု၊ အမျိုးသား (၁၀၁)၊ အမျိုးသမီး (၁၀၅)ဦး၊ စုစုပေါင်း(၂၀၆)ဦးမှာ စံကျောင်းကုန်းဘုရားဓမ္မာရုံတွင် ပြောင်းရွှေ့ထားရှိကြောင်း၊ ဇလုံကျေးရွာအုပ်စုရှိ အိမ်ခြေ(၂၄)၊ အိမ်ထောင်စု(၂၄)စု၊ အမျိုးသား (၄၅)၊ အမျိုးသမီး (၃၅)ဦး၊ စုစု ပေါင်း(၈၀)ဦးတို့အား ယာယီပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး ရေဘေးသင့်ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်အိမ်ခြေ၊ အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးရန်လိုအပ်ပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများရှိဓမ္မာ ရုံ၊ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီပြောင်းရွှေ့နေရာချထားပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြန်မာပြည်အထက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီးပါက မကြာခင် မြန်မာပြည်အောက်ပိုင်းတွင်လည်း ရေကြီးလာနိုင်ရာ လက်ရှိ ဧရာဝတီမြစ် အပါအဝင် ချင်းတွင်းမြစ်၊ ငဝန်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ တိုးမြစ်အစရှိသည့် မြစ်များမှ မြစ်ရေမှာ တိုးလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့် ဒေသများအနေဖြင့်လည်း ကြိုတင် ပြင်ဆင်ထားကြရန်နှင့် ရေဘေးလွတ်ရာ ကုန်းမြင့်များကဲ့သို့ နေရာများတွင် သွားရောက်နေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here