ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသဖြင့် ဆေးခွင့် ဇူလိုင် ၃၀ ထိယူထား

0
341

ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရကြောင်း ယနေ့ ဇူလိုင်(၁၈)ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အသိပေးချက်အရ သိရသည်။

ယာယီသမ္မတဦးမြင့်ဆွေသည် ယမန်နှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင်တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

၄င်းအား ကျန်းမာရေးစစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ဝေဒနာအပါအဝင် ၎င်းနှင့်ဆက်စပ်
ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ ရှိရသည့်အတွက် ယခုနှစ် ဧပြီ (၁၅) ရက်မှ (၁၉)ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့သည်။

ထို့အပြင် ယခုနှစ် မေ(၂၇) ရက်မှ ဇွန်(၁၈)ရက်အထိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀)တွင် ဆေးကုသမှုဆက်လက်ခံယူခဲ့ရပြန်သည်။

ထို ကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်းအာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ဇွန်(၁၈)ရက်မှ ဇူလိုင်(၃၀)ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိနေသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ( ၈ )ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာ လှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here