မုံရွာမြို့ရှိ ရွှေရောင်ဆည်းဆာတွင် အဘွားဦးရေများလာသည့်အတွက် အဆောက်အဦ လိုအပ်လျက်ရှိ

0
111

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ရွှေဇလုပ်ရပ်ကွက်(ကံမရွာနှင့် ဇလုပ်ကြား)၊ မြို့ပတ်လမ်းရှိ ရွှေရောင်ဆည်းဆာဘိုးဘွား ပြုစုစောင့်ရှောက်ရေး ပရဟိတသီလရှင်ကျောင်းတိုက်တွင် ခိုကိုးရာမဲ့ အဘွားဦးရေများလာသည့်အတွက် အဆောက်အဦ လိုအပ်လျက်ရှိကြောင်း သိရသည်။

“အခက်အခဲကတော့ အဆောက်အဦ လိုအပ်နေပါတယ်။ ခေတ်အခြေအနေအရ ကုန်ဈေးနှုန်းတွေ တက်နေတော့ စားဝတ်နေရေးခက်ခဲတာပေါ့။ အဆောက်အဦးက တဲကျောင်းပဲရှိတယ်။ (၂)ထပ် အဆောက်အဦတည်ဆောက်နေတာအောက်ထပ်ပဲပြီးသေးတယ်။ အပေါ်ထပ်မပြီးသေးဘူး”ဟု ရွှေရောင်ဆည်းဆာဘိုးဘွား ပြုစုစောင့်ရှောက်ရေးတည်ထောင်သူ ဆရာကြီး ဒေါ်ရူပသိင်္ဂီက မိန့်သည်။

ရွှေရောင်ဆည်းဆာဘိုးဘွား ပြုစုစောင့်ရှောက်ရေးပရဟိတသီလရှင်ကျောင်းတိုက်တွင် အဖွား(၃၅)ဦးကို လက်ခံပြုစုစောင့်ရှောက် လျက်ရှိပြီး နို့ဗူးတိုက်(၁၀)လသမီး(၂)ဦးအပါ အဝင် မိဘမဲ့က-လေ-း (၂၀) ဦးကို စာချုပ်ဖြင့်ကျွေးမွေး ပြုစုပေးလျက်ရှိကြောင်းသိရသည်။

“အဘိုး၊အဘွားတွေ ဒုက္ခရောက်တာတွေ့လို့တည်ထောင်ဖြစ်တာပါ။၂၀၁၄ ခုနှစ်ကတည်းဆရာလေးက ပရဟိတလုပ်ခဲ့တာပါ။မိဘမဲ့က-လေ-းတွေစောင့်ရှောက်နေတယ်ကြားတော့ ဆရာလေးဆီ မိဘမဲ့က-လေ-းတွေလာပေးကြတာပေါ့။ စာချုပ်နဲ့ လက်ခံတယ်။၂၀၁၉ ခုမှာ ရွှေရောင်ဆည်းဆာတည်ထောင်ပြီး ခိုကိုးရာမဲ့ အဘိုးအဘွားတွေ လက်ခံတယ်။အဖိုးရောအဖွားပါ လက်ခံပေမယ့် အဖိုးတွေမလာပါဘူး။ အဖွားတွေပဲ စောင့်ရှောက်ထားတာပါ”ဟု ဆရာကြီး ဒေါ်ရူပသိင်္ဂီ ကမိန့်သည်။

ရွှေရောင်ဆည်းဆာတွင် လက်ခံပြုစုထားသော အဘွားများသည် သားသမီးရှိလျက်နှင့် ဒုက္ခရောက်နေသူများ၊ သားသမီးမရှိ၍ ဒုက္ခရောက်နေသည့် အဘွားများကို စောင့်ရှောက်ပေးနေခြင်းဖြစ်ပြီး တစ်ရက်လျင် ထမင်း (၃) နပ်ကျွေးမွေးထားကြောင်း သိရသည်။

ရွှေရောင်ဆည်းဆာပရဟိတသည် ဆွမ်းကျွေးအလှုဖြင့်ရပ်တည်နေပြီး အလှုရှင်များမှ လှူဒါန်းထားသည့် လိုက်ထရပ်ကားဖြင့် မုံရွာမြို့တွင်းသို့တစ်ပတ်လျင် (၄)ရက်အလှုခံကာ လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငန်ပြာရည်စသည်များကို အလှုရှင်များက လှုဒါန်းကြကြောင်း သိရသည်။

“အဘွားတွေ သီလရှင်ဝတ်တာမျိုး လက်မခံဘူး။ ယောဂီ (အဖြူ၊အညို)ဝတ်လက်ခံတယ်။ လောလောဆယ်ဝန်ထမ်းမခေါ်နိုင်သေးပေမယ့် စားဝတ်နေရေးအခက်အခဲကြောင့် လာနေကြသူ (၅)ယောက်လောက်က ဝေယျာဝစ္စလုပ်ကိုင်ဆောင်ရွက်နေကြတယ်။ အဖွားတွေ၊ က-လေ-းတွေ တစ်ခုခုဖြစ်ရင်ဆရာလေးကိုယ်တိုင်လုပ်ပေးသလို ဆရာလေးအကိုလည်းရှိတယ်”ဟု ဆရာကြီး ဒေါ်ရူပသိင်္ဂီ ကမိန့်သည်။

ရွှေရောင်ဆည်းဆာတွင် အသက်အကြီးဆုံး အဘွားမှာ (၈၈) နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးအဘွားမှာ (၆၅) နှစ်ခန့် ရှိပြီဖြစ်ကာ အဘွားအချင်းချင်း သင့်မြတ်အောင်နေကြရန် ဆရာကြီးက မေတ္တာရပ်ခံထားကြောင်း သိရသည်။

“လက်ခံထားတဲ့ အဘွားတွေ ဆွေမျိုးတွေဆီ ပြန်တာမျိုးမလုပ်ရပါဘူး။ အပြီးလက်ခံထားတာပါ။ ကျန်းမာရေးအတွက်ပါ တာဝန်ယူထားပါတယ်။ မုံရွာမြို့နယ်၊ အလုံက ဒကာကြီးတစ်ယောက်က ဦးဆောင်ပြီး လစဉ်ကြေးကောက်တယ်။ တစ်ပါတ်ကို နှစ်ရက် သူနာပြုဆရာမတစ်ယောက်က ဆေးလာကုပေးတယ်။ လစဉ်ကြေးကောက်ထားတာနဲ့ ဆေးဝါးဝယ်ထောက်ပံ့ပါတယ်”ဟု ဆရာကြီး ဒေါ်ရူပသိင်္ဂီ ကမိန့်သည်။

ရွှေရောင်ဆည်းဆာတည်ထောင်ထားသည့် (၅)နှစ်ခန့်အတွင်း အဘွား(၆)ဦး ကွယ်လွန်သွားပြီဖြစ်ပြီး နာရေးကိစ္စ၊ရက်လည်၊ လလည်ကိစ္စများကို ဆရာကြီး ဒေါ်ရူပသိင်္ဂီ က တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here