စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူမည့် ကိစ္စများ စီမံရေးဆွေးနွေး

0
362

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူမည့် နေရာများကို တပါတည်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်စီမံဆောင်ရွက်ထားကြရန် လိုအပ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။

“သန်းခေါင်စာရင်းကောက်ယူမယ့် အချိန်မှာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ဖို့ကျန်ရှိတဲ့ နေရာများကို သန်းခေါင်စာရင်းကောက်ယူမယ့် နေရာများတပါတည်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့စီမံဆောင်ရွက်ထားကြဖို့ လိုအပ်ပါတယ်”ဟုဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ဇူလိုင်လ (၁၇) ရက် ၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေစာရင်းအားမှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်ထိ (၁၅)ရက်ကြာ ကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းမှာပါဝင်ကြမယ့် စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များကိုလည်း သက်ဆိုင်ရာမြို့နယ်များအလိုက် သတ်မှတ်အရေအတွက်အတိုင်း ကြိုတင်စုဖွဲ့ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန်းခေါင်စာရင်း ကော်မတီတွေက နိုင်ငံတော်အဆင့်စီမံချက်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ခံယူပြီးစစ်ကိုင်းတိုင်းဒေသကြီးအတွက် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့် အခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here