နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူ (၇၀၀)ကျော်တွင် (၆၀၀) ကျော်ခွင့်ပြုထား

0
575

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ (၇၀၀) ကျော်တွင် (၆၀၀) ကျော်ခွင့်ပြုထားကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာအကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားနိုင်သည့် PR အမျိုးအစားလေးမျိုးရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၂၉) ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၀) ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း (၇၅၁) ဦး ရှိပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် (၆၉၉) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုကော်မတီက လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ (၃၃) ဦးနှင့် မိသားစုဝင် (၈)ဦး စုစုပေါင်း (၄၁) ဦး ကျန်ရှိနေသေးကြောင်းလည်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ပဏာမ စိစစ်ပြီးဖြစ်သည့် လျှောက်ထားသူ (၃၇) ဦးနှင့် မိသားစုဝင် (၁၄) ဦး စုစုပေါင်း (၅၁) ဦးကို ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးသပ် ဆွေးနွေးကြရန်ရှိပြီး စိစစ်ဆောင်ရွက်ပြီးပါက ယခင်လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ (၃၃) ဦးနှင့် ယခုစိစစ်အတည်ပြု သူတို့ကိုလူကိုယ်တိုင်ခေါ်ယူ၍ ဗဟိုကော်မတီက လူတွေ့စစ်ဆေး အကဲဖြတ်မှုများကို ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်အကျိုး စီးပွားဖြစ်ထွန်းရေးတို့ အတွက်များစွာ အထောက်အကူပြုသော်လည်း ဗဟိုကော်မတီဝင်များအနေဖြင့် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် သုံးသပ်အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့်မပြုသည့်အတွက် နိုင်ငံတော်၏အကျိုး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏အကျိုးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ကျင့်သုံး အကောင်အထည်ဖော်လျက် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာ နိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုးဖြင့် PR လျှောက်ထားသူများကို စိစစ်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here