ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

0
368

တစ်ဖက်သတ်စွပ်စွဲချက်များ၊ သတင်းမှားများကို အခြေခံကာ နိုင်ငံရေးသဘော သက်ရောက်စေသည့် ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ (၁၈) ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ နှင့် နိုင်ငံအချို့က ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံ ရေးရာအထူးကိစ္စရပ်များ တာဝန်ခံ သံအမတ် Mr. Robert Wood က ဇူလိုင်လ (၁၅) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ကျင်းပသည့်နေရာ၌ ဖတ်ကြားခဲ့သည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်သည့် ပြည်သူလူထုထံ ခွဲခြားမှုမရှိဘဲ အကူအညီများ ရောက်ရှိရေး အစဉ်တစိုက်အလေးထားလျက် ကုလသမဂ္ဂနှင့် လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် စစ်မှန်သည့် စိတ်ထားဖြင့် အကူအညီပေးလိုသည့် နိုင်ငံများနှင့်လည်းကောင်း၊ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်သူများအတွက် အကူအညီများကို အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် ရယူလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက မေတ္တာရပ်ခံသည့် ပြည်တွင်းခရီးသွားလာခွင့် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေးအခြေအနေအပေါ် မူတည်၍ အတတ်နိုင်ဆုံး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကာ အများပြည်သူ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုနည်းတူ မြန်မာနိုင်ငံ၌ တဖက်အဖွဲ့ အစည်းများ၏ လူမဆန်သော တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အပြစ်မဲ့ပြည်သူပေါင်း (၇၈၈၀) ဦး ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သော်လည်း ယင်းပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ယင်းအကြမ်းဖက်မှု လုပ်ရပ်များကို မျက်ကွယ်ပြုထားသည်ကိုတွေ့ရကြောင်းလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆ ၆၉ တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးသွတ်သွင်းမှုများစွာ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here