ဧရာဝတီတိုင်းတွင် မိုးသီးနှံစိုက်ပျိုးမှု ထက်ဝက်ကျော်ခန့် လျော့ကျနေဟုဆို

0
146

ဧရာဝတီတိုင်းရှိ တောင်သူများ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သွင်းအားစု ကုန်ကျစရိတ်များ အလွန်များလာခြင်းကြောင့် မိုးသီးနှံကို ထက်ဝက်ကျော်အထိ လျှော့ချ စိုက်ပျိုးနေကြရကြောင်း ဒေသခံ တောင်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ သွင်းအားစု စိုက်ပျိုးစရိတ်များ အဆမတန် ကုန်ကျမှုများ ရှိလာခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးသည့် ရာသီတွင် လယ် (၁၀)ဧက ရှိသည့် တောင်သူတယောက်ကို (၄) ဧကအထိသာ စိုက်ပျိုးနိုင်ကြတော့ကြောင်း သိရသည်။

” အခုက အကုန်ကြပ်တည်းနေတာ။ အရောင်းအဝယ်တွေလည်း မကောင်းဘူး၊ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်နေတာကြောင့်လေ” ဟုဧရာဝတီတိုင်းက စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ရေကဖြေးဖြေးတက်နေတာ စိုးရိမ်ရေမှတ်ကိုတော့ရောက်လာပြီ။သောင်စိုက်ကွမ်းတွေတော့ပျက်ကုန်ပြီပေါ့၊ ဒီ့ထက်ရေတက်လာရင်တော့ မိုးကျတာနဲ့ စပါးစိုက်ထားခဲ့တဲ့ ရေဦးစိုက်သမားတွေတော့ထိနိုင်တယ်။(မိုးမကျခင်ရာသီ)ဒီနှစ် စပါး၊ပဲ၊ကွမ်း တော်တော်ကောင်းခဲ့တော့ တောင်သူတွေပြေလည်ခဲ့ပါတယ်။ခုတလောကတော့ ဘဏ်တွေပိုက်ဆံ ထုတ်ရခက်ခဲ့တာကြောင့် ကုန်သည်တွေဆီအပ်ထားတဲ့ ပဲ၊စပါးဖိုးတွေ ရဖို့ခက်တာ၊ဆီဈေးမလိုက်နိုင်တာ၊လူ့စွမ်းအားတွေနည်းကုန်တာကြောင့် နည်းနည်းခက်လာနိုင်တာပေါ့”ဟု ညောင်တုန်းရှိမြို့ခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းရှိ တောင်သူများသည် မိုးသီးနှံကို စပါးအပြင် မတ်ပဲ၊ ငရုတ်၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲ၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ပန်းနှင့် ဟင်းသီးဟင်းရွက်များကို နေရာဒေသအလိုက် အမိုးအကာများဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

photo credit – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here