ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံး ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်

0
148

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာန၌ ပထမဆုံး ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသသူ (၂)ဦးမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရွာမှ လူနာ ဒေါ်စန်းအေး၊ အသက်(၅၈)နှစ် နှင့် စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှ လူနာ ဦးမြင့်အောင်၊ အသက်(၅၈)နှစ်တို့ ဖြစ်သည်။

၎င်းတို့ထဲမှ လူနာဒေါ်စန်းအေးသည် Hb E disease (heterozygous) Multiple Myeloma ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသရမည်ဖြစ်သောကြောင့် (Autologous peripheral blood stem cell အစားထိုးကုသမှု) ကို ဇွန် (၁၉) ရက်တွင် ဆောင်ရွက်ရာ လူနာ၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်ပြီး လူနာ၏ ရိုးတွင်း ခြင်ဆီတွင် အစားထိုးကုသထားသည့် ပင်မဆဲလ်များသည် သွေးဆဲလ်အသစ်များ စတင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကျန်းမာသောသွေးဆဲလ်များ လုံလောက်စွာထုတ်ပေးနိုင်သော ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်း အဆင့်အောင်မြင်မှု ရရှိခြင်း(Engraftment)ကို ရရှိနေပြီဖြစ်ကြောင်းနှင့် လူနာမှာ ဇူလိုင် (၁၉)ရက် ယမန်နေ့ တွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

ထိုနည်းတူ လူနာဦးမြင့်အောင်သည်လည်း EBo Thalassaemia & Hypertension IgA k light chain monoclonal gammopathy (Multiple Myeloma) ရောဂါဖြင့် ဇွန် (၂၆) ရက်တွင် ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီအစား ထိုးကုသမှုကို ဆောင်ရွက်ခဲ့ပြီး ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်းအဆင့် အောင်မြင်မှုရရှိပြီးဖြစ်ကာ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ခြင်ဆီကင်ဆာရောဂါဝေဒနာခံစားနေရသော လူနာများကို ပထမဆုံးရိုးတွင်းခြင်ဆီအစားထိုးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမှာ ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့သလို ထိုလူနာနှစ်ဦးကိုလည်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here