မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ငွေကျပ် ၁၂ ဘီလီယံထုတ်ချေးပေးမည်

0
235

တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအနက် တိရစ္ဆာန် (၄) မျိုးမွေးမြူထားသည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ယခု လာမည့် ဩဂုတ်လအတွင်း ငွေကျပ် (၁၂) ဘီလီယံကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ချေးငွေကို မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မွေးမြူရေးလုပ်ငန်းများအား ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချေးငွေများကို အသားတိုးနွား၊ နို့စားနွား၊ ဥစားကြက်နှင့် သိုး/ဆိတ် စသည့် တိရစ္ဆာန်(၄)မျိုးကို မွေးမြူနေသည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ချေးငွေများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် (၂၂) ဘီလီယံထဲမှ ထုတ်ချေးပေးမည်ဖြစ်ကာ လက်ရှိတွင်မူ ထုတ်ချေးပေးနိုင်ရန်အတွက် တိုင်းဒေသကြီးပြည်နယ်များရှိ မွေးမြူရေးလုပ်ငန်း လုပ် ကိုင်သူများအား အဆိုပြုလွှာခေါ်ယူခြင်းများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အထက်ပါ ချေးငွေလျှောက်ထားလိုသူများအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၉) ခုတွင် အမှန်တကယ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ရမှာဖြစ်ကာ ခြံ၊ အဆောက်အဦ၊ မြေ၊ အလုပ်သမားနှင့် ရေမီး ပြည့်စုံစွာရှိထားသူ၊ ချေးမည့်ငွေပမာဏထက်ပိုသည့် အာမခံပစ္စည်းများ တင်ပြအပ်နှံနိုင်သူ စသည့်အချက်များဖြင့် ပြည့်စုံသူဖြစ်ရမှာဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါ အချက်များဖြင့်ပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်အဆင့် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၊ တိုင်းအဆင့်ကော်မတီများမှ လျှောက်ထားရမည်ဖြစ်သည်။

ချေးငွေများအနေဖြင့် နို့စားနွားမွေးမြူသူများအတွက် ချေးငွေသက်တမ်း (၃)နှစ်သတ်မှတ်ထားပြီး၊ အသားတိုးနွား၊ ဥစားကြက်နှင့် သိုးဆိတ်မွေးမြူသူများအတွက် ချေးငွေသက် တမ်း (၂) နှစ်ဖြစ်ကြောင်း အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် (၂) ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here