အရေးပေါ်လူနာတင်ယာဉ်များတွင် Emergency Medical Service စနစ်လုပ်ဆောင်လျက်ရှိ

0
353

အရေးပေါ် အခြေအနေများအတွက် အရေးပေါ်လူနာတင် ယာဉ်များတွင် Emergency Medical Service စနစ်လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အဆိုပါ EMS စနစ်သည် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက လူနာကို အသက်ဘေးအန္တရာယ်မှ ကာကွယ်မှုရရှိနိုင်ရန် အချိန်မီစောင့်ရှောက်ပေးနိုင်မည့် စနစ်တစ်ခုဖြစ်လာမည်ဟုလည်း သိရသည်။

ထို့ပြင် အရေးပေါ်လူနာတင်ယာဉ်များကိုလည်း ရန်ကုန်တိုင်းရှိ ထိန်းချုပ်စင်တာမှ စီမံကွပ်ကဲကာ လုပ်ဆောင်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါ စနစ်ဖြစ်ပေါ်လာပါက အရေးပေါ်လူနာတင်ယာဉ်များအနေဖြင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ လူနာများကို အသက်ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးနိုင်မည် ဖြစ်သည်ဟုလည်း ကြက်ခြေနီကြီးကြပ်မှု ကော်မတီက ပြောသည်။

“Ambulance တွေကို ရန်ကုန်တိုင်းမှာရှိတဲ့ Control team ကနေ စီမံကွပ်ကဲပြီးတော့ ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ဘာကားက သွားပါဆိုတာမျိုး ညွှန်ကြားချက်ပေးတာပေါ့။ အရေးပေါ်ဖြစ်လာရင် အချိန်နဲ့ တပြေးညီ လူနာကို ကယ်တင်နိုင်မယ် ကြီးကြီးမားမား ဒဏ်ရာရရင် သက်ဆိုင်ရာ ဆေးရုံကို အမြန်ဆုံးပို့ပေးနိုင်တာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးရာတွင်လည်း ဖြေကြားထားသည်။

လက်ရှိတွက် ထိုစနစ်အတွက် Pilot Project အနေဖြင့် Ambulance (၁၁) စီးတွင် GPS စနစ်တပ်ဆင်ထားကာ စောင့်ကြည့်ကြီးကြပ်မှုတွေ ပြုလုပ်နေပြီး လူနာများအတွက် အရေးပေါ် အခြေအနေဖြစ်ပါက လမ်းကြောင်းအနီးဆုံးကားကို သွားရောက်ပို့ဆောင်စေရန် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုများကို နိုင်ငံတကာနည်းတူ မဟုတ်သေးသော်လည်း တတ်နိုင်သည့် အဆင့်အတန်းမြင့်သော ဝန်ဆောင်မှုများ ပေးအပ်နေပြီး အချိန် မရွေး၊ နေရာမရွေး (၂၄) နာရီကူညီဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here