ရထားလက်မှတ် အွန်လိုင်းမှ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထား

0
216

ရထားလက်မှတ်များကို အွန်လိုင်းမှတဆင့် ပြည်သူများဝယ်ယူနိုင်ရန် စီစဉ်နေပြီး အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

အဆိုပါ Online Ticketing and Payment System ကို ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်-ပုဂံ၊ ရန်ကုန်-မော်လမြိုင်လမ်းကြောင်းတို့တွင် ကနဦး စီစဉ်ဆောင်ရွက်မည်ဟု သိရသည်။

Online Ticketing and Payment System ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီသာမက နိုင်ငံခြားသားပိုင်ကုမ္ပဏီများ Joint Venture (သို့မဟုတ်) Consortium ဖွဲ့စည်းပြီးဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

အဆိုပါ လုပ်ငန်းအတွက် တင်ဒါစိစစ်ရွေးချယ်မှုကို စိတ်ဝင်စားမှုဖော်ပြချက် (EOI) အဆိုပြုလွှာတင်သွင်းခြင်း၊ EOI အောင်မြင်သူကို Request for Proposal (RFP) တင်သွင်းခြင်းစသည့် အဆင့် (၂) ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် EOI အဆိုပြုလွှာကို မြန်မာ့မီးရထား၊ ထောက်ပံ့ရေးဌာန၊ ကုန်သည်လမ်းနှင့် (၅၁) လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဇူလိုင်လ (၂၂) ရက်မှ သြဂုတ်လ (၂) ရက်အတွင်းတစ်စုံ ကျပ် (၃) သိန်းဖြင့် ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယင်း EOI အဆိုပြုလွှာတွေကို စက်တင်ဘာလ (၁၆) ရက်၊ နေ့လယ် (၂)နာရီခွဲ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၇၇၀၅၁၊ ၀၁-၂၉၁၉၉၄ ထံ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း Online Ticketing and Payment System အကောင်အထည်ဖော်ရေး တင်ဒါကော်မတီက ကြေညာထားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here