ကရင်ပြည်နယ်တွင် ကော်ဖီသီးနှံဧက (၁,၀၀၀)ထပ်မံ တိုးချဲ့စိုက်ပျိုးရန် လျာထား

0
148

နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံများကို ကရင်ပြည်နယ်၌ ယခုနှစ်အတွင်း ဧက(၁,၀၀၀)ထပ်မံတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးဧက ၁၀၀၂၉ ဧကမှ ကော်ဖီစေ့တန်ချိန် ၂၁၀၀ ကျော်ထွက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံး စာရင်းတွင် ပါဝင်ကာ ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ဧက (၁,၀၀၀)အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ ကော်ဖီသီးနှံစိုက်ဧကပေါင်း (၄၉၉၅၁) ဧက လက်ရှိစိုက်ပျိုးထားပြီး တစ်နှစ်ပတ်လုံး ကော်ဖီထွက်ရှိမှုမှာ တန်ချိန် (၉၀၀၀) ကျော် ထွက်ရှိကာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃၆) သန်းခန့် ရရှိနေကြောင်း သိရသည်။

သို့သော်လည်း ပြည်ပနိုင်ငံများမှ ကော်ဖီမှုန့်များကို မြန်မာနိုင်ငံက ဝယ်ယူလျက်ရှိရာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၅၀) ဖိုး ကော်ဖီမှုန့်များ ဝယ်ယူတင်သွင်းနေရသည့်အတွက် ပြည်ပမှတင်သွင်းမှုနှင့် ထွက်ရှိမှုကို နှိုင်းယှဉ်ကြည့်ပါက ကော်ဖီမှ ပြည်ပထွက်ငွေ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးသောကော်ဖီမှာ နှစ်မျိုး နှစ်စားရှိပြီး အာရေဗီးယားကော်ဖီနှင့် ရိုဘတ်စတာကော်ဖီဖြစ်ကြောင်း အာရေဗီးယားကော်ဖီကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုနှင့် ဗန်းမော်ဒေသတို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်နှင့် ပြင်ဦးလွင် ဒေသတို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ လွိုင်မွေ၊ ရပ်စောက်၊ နောင်ချို၊ ပင်းတယ၊ ရွာငံ၊ ဟိုပုန်း၊ နောင်တရားနှင့် ပင်လောင်း ဒေသတို့၌လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော်၊ဒီမော့ဆိုတို့၌လည်းကောင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတို့၌လည်း စိုက်ပျိုးကြကြောင်း သိရသည်။

ရိုဘတ်စတာကော်ဖီကို ကရင်ပြည်နယ် လိပ်သို၊ သံတောင်ကြီးဒေသ၌ လည်းကောင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here