လူအ‌ေ-သအပျောက်ရှိ အဓိကရုဏ်းများကြောင့် မလေးရှားက ဘင်္ဂလားဒေ့ရှ်ရောက် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ လေယာဉ်စေလွှတ်မယ်

0
99

တောင်အာရှနိုင်ငံရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားစေတဲ့ လူအ‌ေ-သအပျောက်ရှိ အဓိကရုဏ်းဖြစ်စဉ်တွေကြောင့် မလေးရှားအစိုးရဟာ အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်ရောက် သူ့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပရမ်းပတာအခြေအနေတွေအကြား ပိတ်မိနေတဲ့ မလေးရှားကျောင်းသားတွေအတွက် စိုးရိမ်သောကများနေတဲ့ မိဘဖြစ်သူတွေထံက မေတ္တာရပ်ခံချက်အရ ယင်းသို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားဆန္ဒပြမှုတွေရဲ့ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မလေးရှားကျောင်းသားတွေ ဘေးကင်းလုံခြုံမှုရှိရေးဟာ အစိုးရအတွက် အထူးဦးစားပေးဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင်ကလည်း ပြောဆိုခဲ့ပါတယ်။

“အစောပိုင်းရက်အနည်းငယ်ကတော့ အခြေအနေက ထိန်းထားနိုင်တဲ့အနေအထားဖြစ်ပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ သံရုံးရဲ့ သတင်းအချက်အလက်တွေအရ သူတို့ကို ပြန်ခေါ်တာက ပိုသင့်တော်ပုံရပါတယ်” လို့ တနင်္လာနေ့(ဇူလိုင် ၂၂) က ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ အမျိုးသားအခွန်အစည်းအဝေး ၂၀၂၄ အခမ်းအနားဘေးဆွယ်မှာ သတင်းထောက်တွေကို အန်ဝါက ပြောဆိုသွားပါတယ်။

ပိတ်မိနေတဲ့ ကျောင်းသားမိဘတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ရောက် မလေးရှားနိုင်ငံသားအားလုံးကို ကယ်ဆယ်ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခဲ့ပါတယ်။ ဟာဆန်ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်တွေမှာ ပိတ်မိနေဆဲ မလေးရှားကျောင်းသား ၁၂၄ ဦးရှိပြီး မြို့တော် ဒါကာနဲ့ အိမ်နီးချင်း Mymensingh မြို့တွေမှာဖြစ်တယ်လို့ သိရပါတယ်။

သံရုံးမှာ စာရင်းမသွင်းထားတဲ့ မလေးရှားနိုင်ငံသားတွေ ထပ်ရှိလာတာကြောင့် ထပ်တိုးကယ်ဆယ်ရမယ့်သူတွေအတွက်နဲ့ဆိုရင် လူ ၃၅၀ ဆန့် ကိုယ်ထည်ကြီးကြီး လေယာဉ်တစ်စင်း စီစဉ်ထားတယ်လို့လည်း ဝန်ကြီးက ပြောဆိုသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရရဲ့ ဝန်ထမ်းအလုပ်အကိုင် ခွဲတမ်းချထားမှုစနစ်ကို မကျေနပ်တဲ့ ကျောင်းသားထု ဦးဆောင် ဆန္ဒပြမှုတွေကနေတဆင့် ဆူပူအဓိကရုဏ်းတွေ ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။ ဒီစနစ်နဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ တရားရုံးချုပ်က ခွဲတမ်းချထားမှု အများစုကို ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ စီရင်ချက်အပြီး နောက်တစ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာတော့ အခြေအနေတွေ ငြိမ်သက်စပြုနေတယ်လို့ သိရပြီး ကာဖျူးမိန့်ကိုတော့ ဆက်လက်ပြဋ္ဌာန်းထားဆဲလို့ သိရပါတယ်။

Ref: ဆောက်ချိုင်းနားမောနင်းပို့စ်၊ The Star


LEAVE A REPLY

Please enter your comment!
Please enter your name here