မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ပဲရစ်အိုလံပစ် ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို့ ထွက်ခွာ

0
355

မြန်မာ့ကြက်တောင်မယ် သက်‌ထားသူဇာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့သို့ ယနေ့ ဇူလိုင် (၂၂) ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

သူမသည် ဇူလိုင်လ (၂၇)ရက်တွင် ကမ္ဘာ့အဆင့် (၃၁)ရှိ ကနေဒါကြက်တောင်မယ် မီရှယ်လီနှင့်လည်းကောင်း၊ ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီနှင့်လည်းကောင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

“သက်ထားရိုက်ရမယ့် ပွဲတိုင်းကို အကောင်းဆုံးကြိုးစားပြီး ကစားခဲ့မှာပါ။ အားလုံးလဲ သက်ထားကို အားပေးမယ်လို့မျှော်လင့်ပါတယ်”ဟု သူမက ဆိုထားသည်။

ပဲရစ်အိုလံ ပစ်ပြိုင်ပွဲ ဝင်ရောက်ကစားကြမည့် အုပ်စု(၁၆)စု ရှိသည့်အနက် အုပ်စု (C) တွင် သက်ထားသူဇာ ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

ပဲရစ် အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ သူမသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ အသိအမှတ်ပြုသည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၄၃) နေရာတွင် ရပ်တည်နေသူတစ်ဦးလည်း ဖြစ်သည်။

ပဲရစ်အိုလံပစ်ပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ (၃)လကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် တိုကျိုအိုလံပစ်ကိုလည်း ယှဉ်ပြိုင်ထားရာ ယခုအကြိမ်နှင့်ဆိုလျှင် အိုလံပစ်ဝင်ပြိုင်ခွင့် နှစ်ကြိမ်ဆက်တိုက်ရရှိထားသူဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here