ဘိုင်ဒင်ကိစ္စထက် ယူကရိန်းစစ်ပွဲအရေးက ရုရှားအတွက် ပိုအရေးကြီးဟု ကရင်မလင် ပြောဆို

0
255

သမ္မတ ပြန်အရွေးခံမယ့်အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာလိုက်ပြီးနောက် ရုရှားအတွက်တော့ အမေရိကန်နိုင်ငံရေးထက် ယူကရိန်းစစ်ပွဲမှာ ရည်မှန်းချက်တွေ ပေါက်မြောက်ရေးကသာ ပိုအရေးကြီးတယ်လို့ ကရင်မလင်က ပြောဆိုလိုက်ပါတယ်။ မော်စကိုရဲ့ အပြောအရ လာမယ့်လတွေမှာ အပြောင်းအလဲများစွာ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရေးက ရုရှားအတွက် သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

သူ့လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေရဲ့ ဖိအားပေးမှုတွေကြီးထွားလာမှုအရ ဘိုင်ဒင်က သူပြန်အရွေးခံမယ့်အစီအစဉ်ကို တနင်္ဂနွေနေ့မှာ စွန့်လွှတ်သွားခဲ့ပြီး ဒုတိယသမ္မတ ကမ်မလာ ဟဲရစ္စကို နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ယှဉ်မယ့် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ထောက်ထံကြောင်း ပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲက လေးလလောက် လိုသေးတာဆိုတော့ အများကြီး ပြောင်းလဲသွားနိုင်တဲ့ အချိန်ကာလပါ” လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က SHOT သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

“ဘာဖြစ်လာမလဲဆိုတာ စိတ်ရှည်ရှည်နဲ့ ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့အတွက် ဦးစားပေးကတော့ အထူးစစ်ဆင်ရေးပါပဲ” လို့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဗလာဒီမာပူတင် နှစ်သက်တဲ့ အသုံးအနှုန်းကို သုံးစွဲကာ ပက်စ်ကော့ဗ်က ပြောဆိုခဲ့ပါတယ်။

ပူတင်ကတော့ ရုရှားအတွက် အနာဂတ် အမေရိကန်သမ္မတဟာ ထရန့်ထက် ဘိုင်ဒင်က ပိုအဆင်ပြေလိမ့်မယ်လို့ သူခံစားရကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ဖူးပါတယ်။

ရုရှားနိုင်ငံပိုင်ရုပ်သံအပါအဝင် သတင်းစာတွေကတော့ ဘိုင်ဒင် ရွေးကောက်ပွဲပြိုင်ပွဲလမ်းကြောင်းမှ နုတ်ထွက်သွားမှုနဲ့ ဒု-သမ္မတ ဟဲရစ္စကို သမ္မတလောင်းအဖြစ် ထောက်ခံခဲ့မှုသတင်းတွေကို ဝေဝေဆာဆာ ဖော်ပြခဲ့ပါတယ်။ သို့ပေမယ့် ဟဲရစ္စကို ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ပါတီက အမည်စာရင်းတင်မတင်ကို ရှင်းလင်းစွာ မသိရကြောင်း ယင်းသတင်းတွေက ဖော်ပြပါတယ်။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကတော့ ဘိုင်ဒင် ကျန်းမာပါစေကြောင်းနဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်နိုင်ပါစေကြောင်း တယ်လီဂရမ်မှာ ဆန္ဒပြုသွားခဲ့တယ်လို့ သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here