ဘာသာစုံဂုဏ်ထူးရှင်များအား ရွှေဒင်္ဂါးပြားများချီးမြှင့်

0
127

လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နေကြောင်း နစကဥက္ကဋ္ဌ ဆို

နိုင်ငံအတွင်း အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေးကို ထည့်သွင်းချမှတ်ပြီး နိုင်ငံသားတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများ သာတူညီမျှရရှိစေရန် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ဇူလိုင် (၂၂)က ကျင်းပပြုလုပ်သည့် ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရကဦးဆောင်ရမည် မှန်ပေသော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့်ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်အားကောင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ အင်အားကို ပိုမိုအားထားရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထိုနည်းတူ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့်ဘက်စုံပညာကဏ္ဍကို မြှင့်တင်ရန်လည်း ဆောင်ရွက်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်”ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ဘာသာစုံဂုဏ်ထူးရှင် (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာစုံဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here