ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့် ဇူလိုင် (၃၀) ရက်အထိ တိုင်းနှင့် ပြည်နယ်အနှံ့ မိုး ရွာသွန်းနိုင်

0
160

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့် ယခု ဇူလိုင်လ၏ တတိယ (၁၀) ရက်အတွင်း တိုင်းနှင့် ပြည်နယ်အနှံ့တွင် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဇူလိုင် (၂၁) ရက်မှ (၃၀) ရက်အတွင်း မိုးရွာသွန်းမှု အခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

“တောင်တရုတ်ပင်လယ်က တိုင်ဖွန်းPRAPIROON(04W)က မနက်ဖန် ဇူလိုင် (၂၂) ရက် ညနေပိုင်း/ညပိုင်းမှာ “တရုတ်ပြည်မ-ဟိုင်နန်ကျွန်း”ကိုဝင်ရောက်တိုက်ခတ်နိုင်ပြီး၊ ဖိလစ်ပိုင်ပင်လယ်က တိုင်ဖွန်း GAEMI(05W) က ဇူလိုင် (၂၅) ရက်မှာ ထိုင်ဝမ်ကျွန်း အ‌ရှေ့ဘက်မှကပ်၍ဖြတ်ကျော်ကာ ဇူလိုင် (၂၆) ရက်မှာ “တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေ”ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်” ဟု နိုင်ငံတကာ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးရေးသားထားသည်။

မုန်တိုင်းအရှိန်သက်ရောက်မှုကို မြန်မာပြည်က တိုက်ရိုက်ခံစားရမည် မဟုတ်သော်လည်း အားပိုကောင်းလာမည့် အနောက်တောင်မုတ်သုံလေနှင့် အရှေ့လေပွေလှိုင်းများ ဝင်ရောက်လာနိုင်သောကြောင့် နောက်လာမည့် (၇၂) နာရီအတွင်း အလယ်ပိုင်းဒေသအချို့၊ တနင်္သာရီတိုင်း တောင်ပိုင်း စွန်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှအပ ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

မိုးရွာသွန်းမည့် ရက်များအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ (၁၀) ရက်ခန့်နှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် (၄) ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here