ကျိုက်ထိုမြို့နယ်အတွင်း ခွေးရူးရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း အိမ်မွေးခွေးများအား ကာကွယ်ဆေးလိုက်လံထိုးနှံ

0
99

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ခွေးရူးရောဂါပိုးတွေ့ရှိပြီးနောက် အိမ်မွေးခွေး (၅၃) ကောင်အား ယမန်နေ့ ဇူလိုင် (၂၃)ရက်တွင် ကာကွယ်ဆေး လိုက်လံ ထိုးနှံပေးခဲ့ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင်(၁၉)ရက်တွင် ကွင်းဆင်းစစ်ဆေးချက်အရ သရက်ချောင်းကျေးရွာ၌
ခွေးရူးရောဂါလက္ခဏာရှိသည်ကို တွေ့ရှိရပြီး ရန်ကုန်ဓာတ်ခွဲခန်းသို့ နမူနာပေးပို့စစ်ဆေးခဲ့ရာ ခွေးရူးရောဂါပိုးဖြစ်သည်ဟု အတည်ပြုချက်ရရှိခဲ့‌ကြောင်း သိရသည်။

ထို့ကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း‌ ခွေးရူးရောဂါကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲအား ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ ကျူချောင်ကျေးရွာနေပြည်သူများမွေးမြူထားသည့် အိမ်မွေးခွေး(၅၃)ကောင်အား အိမ်တိုင်ရာ‌ရောက်သွားရောက်၍ ကာကွယ်ဆေးထိုးနှံပေးခဲ့‌ပြီး‌ ၊ ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ခွေးရူးရောဂါပိုး ထပ်မံကူးစက်ခံရမည့်အ‌ခြေအနေမှ ကာကွယ်တားဆီးနိုင်ခဲ့ကြောင်းနှင့် မည်သူမဆို အိမ်မွေးတိရိစ္ဆာန်များ မွေးမည်ဆိုပါက တတ်ကျွမ်းသည့် ပညာရှင်များနှင့်တိုင်ပင်၍ လိုအပ်သော တိရိစ္ဆာန်ကာကွယ်ဆေးများကို ထိုးထားပေးသင့်ကြောင်းနှင့် ခွေးကိုက်ခံပါက နီးစပ်ရာကျန်းမာ ရေးဌာနများတွင် ခွေးရူးရောဂါကာကွယ်ဆေး အမြန်ဆုံးထိုးနှံကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here