သံလွင့်မြစ်ရေ မြင့်တက်လာသဖြင့် ဘားအံနှင့် လှိုင်းဘွဲ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း (၉)နေရာ ဖွင့်လှစ်ထားပြီး အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

0
81

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေသဖြင့် သံလွင်မြစ်ရေ မြင့်တက်‌နေသဖြင့် ဘားအံနှင့် လှိုင်းဘွဲ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း (၉) နေရာဖွင့်လှစ်ထားရှိပြီး အမာခံ ကယ်ဆယ်ရေးအဖွဲ့ဝင် (၅၀)ဦးဖြင့် စောင့်ကြည့်နေကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

သံလွင်မြစ်‌ရေသည် ယနေ့ ဇူလိုင်(၂၄)ရက်၊ ညနေပိုင်းအချိ န်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်‌သို့ ရောက်ရှိရန် (၂၀) စင်တီမီတာအလို (၇၃၀) စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းပါက မြစ်ရေထပ်တိုးလာနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် လိုနေသေးသော်လည်း မြစ်‌အနီးရပ်ကွက်အချို့ ရေဝင်ရောက်နေပြီဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားကြောင်း ဒေသတွင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့(၂၀၀)ဦးဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကာ အမာခံကယ်ဆယ်ရေးအဖွဲ့ (၅၀)ဖြင့်မြစ် ရေအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

“ရေဘေးအတွက် အဆင်သင့် ပြင်ဆင်ပြီးပါပြီ။ ကယ်ဆယ်ရေးအတွက် ရှစ်ယောက်စီးစက်လှေ၊ သက်ကယ်အင်္ကျီနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ကားတွေ ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဘားအံမြို့တွင် ကယ်ဆယ်ရေးစခန်း(၆)နေရာ၊ လှိုင်းဘွဲ့မြို့တွင် ကယ်ဆယ်ရေးစခန်း(၃)နေရာ စုစုပေါင်း (၉) နေရာအသင့် ပြင်ဆင်ထားရှိကြောင်း ၎င်းကပင် ဖြည့်စွက် ပြောသည်။

“လှိုင်းဘွဲ့က ပိုစိုးရိမ်ရမယ်။ သူက တောင်ကျချောင်းရေနဲ့ ဂျိုင်းမြစ်ထဲ ဝင်တဲ့ ချောင်းရေကြောင့် ရေဝင်ဖို့ ပိုမြန်နိုင်တယ်။ အားလုံးကတော့ စောင့်ကြည့်နေကြပါပြီ။ ဒီမိုးဆက်ရွာမယ်ဆို မနက်ဖြန်လောက် လှိုင်းဘွဲ့ ၊ ကော့ဂွန်း ရေဝင်နိုင်ပါပြီ”ဟု ၎င်းက ဆိုသည်။

ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့ဝင်များအနေဖြင့် ဇူလိုင်(၂၂) ရက်မှစတင်ကာ ယနေ့အချိန်အထိ ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မင်းကို/မိုးမြင့်ထက်


LEAVE A REPLY

Please enter your comment!
Please enter your name here