တိုးမြစ်ရေ ဝင်ရောက်မှုကြောင့် မအူပင်မြို့နယ်ရှိ အခြေခံပညာကျောင်း (၂၂) ကျောင်းအထိ ပိတ်ထားရ

0
139

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာသည့်အတွက် အခြေခံ ပညာကျောင်း (၂၂) ကျောင်းအထိ ပိတ်လိုက်ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တိုးမြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းများ နစ်မြုပ်ပြီး မအူပင်မြို့နယ်တွင် ပိတ်လိုက်ရသည့် စာသင်ကျောင်း (၂၂) ကျောင်းတွင် အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ် တန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၁၉) ကျောင်း ပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်း (၂၂)ကျောင်းမှာ ပေကုန်၊ အောက်ထုံး၊ ပန်းပင်စု၊ ကျွဲဒုံး၊ ကျုံနတ္တော်၊ ရွှေလှေသောင်၊ ရေလဲကြီး၊ ကဝက္ကင်း၊ တော်တလုပ်၊ လေးအိမ်စု စသည့် ကျေးရွာများနှင့် ကျေးရွာအုပ်စုများရှိ စာသင်ကျောင်းများပါဝင်ကြောင်း သိရသည်။

ကျောင်းများ ပိတ်ထားရသည့်ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် တိုးမြစ်ရေ ပြန်လည်ကျဆင်းသည့်အခါ အပတ်စဉ် တနင်္ဂနွေနေ့တွင် ပြန်လည်အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် မိုးရွာသွန်းမှုနှင့် ငဝန်၊ တိုး၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် (၁၅)ရက်မှ စတင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကာ မြန်အောင်မြို့နယ်ရှိ စာသင်ကျောင်း (၃၈) ကျောင်း၊ ကြံခင်းမြို့နယ်မှ ကျောင်း (၈) ကျောင်း၊ လေးမျက်နှာမြို့နယ်ရှိ (၅)ကျောင်း၊ ငါးသိုင်းချောင်းမြို့နယ်မှ (၅) ကျောင်း၊ သာပေါင်းမြို့နယ်တွင် (၂၅) ကျောင်းလည်း ပိတ်ထားရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here