မိုးရာသီကာလတွင် ဘားအံသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများနေ

0
108

မိုးရာသီ ကာလအတွင်း လည်ပတ်အပန်း‌ဖြေရန် နေရာများစွာရှိသော ကရင်ပြည်နယ်၊ ဘားအံဒေသသို့ ခရီးသွားဧည့်သည် အများဆုံးလာရောက်လည်ပတ်လျက်ရှိနေကြောင်း ဒေသတွင်း နေထိုင်သူများထံမှ သိရသည်။

မိုးရာသီဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်အလှအပများဖြင့်လှပသည့် မြင်ကွင်းများရှိနေသည့် ဘားအံမြို့ကိုနေရပ်ဒေသအသီးသီးမှ နေ့စဉ်လူဦးရေ (၄၀၀) ကျော် (၅၀၀) နီးပါး လာရောက်လည်ပတ်မှုရှိကြောင်း ဘားအံဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ဘားအံက မိုးရာသီဆို တော်တော်လှတော့ လာတဲ့သူတော်တော်များတယ်ဗျ။ များသောအားဖြင့်တော့ ရန်ကုန်ဘက်က အလာများတယ်။ ရုံးပိတ်ရက်တွေဆို လူအပြည့်ပဲ။ ခန့်မှန်းခြေကတော့ နေ့စဉ်ရာဂဏန်းဖြစ်မယ်။ လေးငါးရာလောက်ပေါ့။ ရန်ကုန်၊ မော်လမြိုင်နဲ့ အနီးအနားဝန်းကျင်က လာကြတယ်။ တချို့လည်း နေ့ချင်းပြန်တယ်။ View လှတဲ့ဟိုတယ်တွေဆို တော်တော်လူကျတာ။ တချို့ဟိုတယ်တွေဆို လူပြည့်နေလို့ Booking တောင် (၁၅) ရက်၊ ရက် (၂၀) လောက်ကြိုချိတ်ရတယ်”ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။

လာရောက်လည်ပတ်ကြသူအများစုသည် ဆဒ္ဒန်ဂူ၊ တောင်ဝိုင်းတောင်၊ ထွန့်ပတိုင်၊ ကျောက်ကလပ်၊ ဇွဲကပင်တောင်၊ လွန်းညရေပြာအိုင်၊ နောင်လုံတောင်ကြားလမ်း၊ ကန်သာ ယာ၊ ကော့နန်းသာစမ်းချောင်း၊ ကွီးကျယ်စမ်းချောင်းနှင့် ဘရေတံခွန်၊ မူလအိတောင်၊ ဘားအံကမ်းနား ညဈေးတန်းအစရှိသဖြင့် နေရာများသို့ သွားရောက်လည်ပတ်မှုများပြီး အခြားသွားရောက်လည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်းလည်း ဘားအံဒေသခံတစ်ဦးက ဆိုသည်။

ခရီးသွားများ လာရောက်လည်ပတ်မှုများသဖြင့် မြို့တွင်းတက္ကစီများ၊ အိုးဝေသမားများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ အစရှိသဖြင့် ဒေသခံများအနေဖြင့် ဝင်ငွေအခွင့်အလမ်း ပို၍ကောင်းမွန်ကြောင်းလည်း ဒေသခံများကလည်း မှတ်ချက်ပြုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here