ကိုဗစ်ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိဟုဆို

0
212

ကိုဗစ်ချေးငွေသက်တမ်း(၃)နှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများနှင့် စပ်လျဉ်း၍ ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ဇူလိုင် (၂၄) ရက်က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပစဥ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ ငွေကျပ် (၅၀) ဘီလီယံနှင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် (၁၅၀) ဘီလီယံမှ ငွေကျပ် (၅၀) ဘီလီယံ၊ စုစုပေါင်းငွေကျပ် (၁၀၀) ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် ပေးသွင်းပေးမှု၊ ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထည့်သွင်းထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ချေးငွေပြန်လည်ပေးဆပ်မှုတိုးတက်လာသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများဖြစ်သဖြင့် မဖြစ်မနေ ပြန်လည်ပေးဆပ်ကြရန် တာဝန်ရှိကြောင်း၊ ချေးငွေသက်တမ်းသုံးနှစ်ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထို့ပြင် ပြန်လည်ပေးဆပ်မှုမရှိသူများကို စီမံခန့်ခွဲမှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များဖြင့် အမြန်ဆုံးပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ အချိန်စေ့ရောက်တော့မည်ဖြစ်၍ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရန်ကိုလည်းမှာကြားခဲ့သည်။

ယင်းအပြင် ပြည်နယ်/ တိုင်း ဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှု၊ သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့် ချေးငွေဆိုင်ရာ စာရင်းဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ချေးငွေပေးဆပ်ရန် ကျန်ရှိသ ည့်ကုမ္ပဏီ/လုပ်ငန်းများကို ပြန်လည်ပေးဆပ်မှု အဆင့်လိုက်ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်၊ ချေးငွေအများဆုံးကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများအမြန်ပြန်လည်ပေးဆပ်လာစေရေး ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here