(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပမည်

0
780

ယခုနှစ်အတွင်း (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီပထမကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၂၅) ကြိမ်မြောက် ငွေရတုဆိုသည့် ဝိသေသနှင့်အညီ ပြိုင်ပွဲကြီး၏ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို ထူးခြားသည့် အစီအစဉ်များနှင့် စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များကို လက်ဆင့်ကမ်းခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိကြသည့် ဝါသနာရှင်မျိုးဆက်သစ် လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုတို့ကို အခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လူအား၊ ငွေအား၊ အချိန်များ ပံ့ပိုးပြီးစဉ်ဆက်မပြတ်ကျင်းပနေခြင်းဖြစ်ကြောင်း၊ အချိန်ကာလတစ်ခုအထိ ရပ်နားခဲ့ရသည့် ပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၂ ၂ ခုနှစ်ကစတင်ပြီး ပြန်လည်ဖော်ထုတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၅) ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုသည့် စကားရပ်ကိုအထူးပြုပြီး ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပြိုင်ပွဲနှင့် သက်ဆိုင်သူအားလုံးတို့၏ ပြိုင်ပွဲကာလအတွင်း နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှု၊ ဝတ်စားဆင်ယင်မှုအရာအားလုံးတို့သည် အမျိုးသားရေးစရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ပြုမူဆောင်ရွက်မှုတို့ဖြစ်စေရန် သတိထားဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံကြောင်းလည်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here