မြောက်ဥက္ကလာပမြို့နယ်တွင် လူ (၅)ဦးထံမှ ငွေကျပ် ၁၂၄၇.၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
219

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူ (၅)ဦးထံမှ ငွေကျပ် ၁၂၄၇.၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၁)လမ်းတွင် ဇူလိုင် (၂၄) ရက်၊ နေလယ် (၁)နာရီခွဲ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ အောင်သူဖြိုးအား စစ်ဆေးရှာဖွေခဲ့ကြောင်း ထုတ်ပြန်သည်။

၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နေ့လယ် (၂)နာရီအချိန် ဥက္ကာမင်း အား ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၄)လမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံး၊ ညနေ (၄)နာရီခွဲအချိန်တွင် ဇော်ဇော်သိန်း(ခ)ဇော်ကြီး အား ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ညနေ (၅)နာရီ (၅၀)မိနစ်အချိန် မစိုးစိုးအေး အား ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ ဝေဘာဂီလမ်းရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၁၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၅၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇.၅ သိန်း)၊ ကဖင်း အလေးချိန် ၁၅၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅၀၀၀)၊ Happy Water အလေးချိန် ၄၈ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄.၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ည (၆)နာရီ (၂၀)မိနစ်အချိန် မသန်းသန်းဆွေ(ခ)လေးခင် အား မြောက်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ခေမာလမ်းသွယ်(၂)လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့်လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်အရ အောင်သူဖြိုး(၂၇)နှစ်၊ ဥက္ကာမင်း(၂၉)နှစ်၊ ဇော်ဇော်သိန်း(ခ)ဇော်ကြီး(၄၅)နှစ်၊ မစိုးစိုးအေး(၄၆)နှစ် နှင့် မသန်းသန်းဆွေ(ခ)လေးခင်(၅၃)နှစ်တို့အား ဝေဘာဂီနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here