တိုင်းရင်းသားပေါင်းစုံ၏ တောင်းဆိုချက်အရ လားရှိုးမြို့သို့ဝင်ရောက်ခြင်းဖြစ်သည်ဟု UWSA ပြော

0
211

တိုင်းရင်းသားပေါင်းစုံ၏ တောင်းဆိုချက်အရ လားရှိုးမြို့သို့ဝင်ရောက်ခြင်းဖြစ်သည်ဟု UWSA ပြင်ပ ဆက်ရေးရုံး ထံက သိရသည်။

လားရှိုးမြို့နယ်ရှိ “ဝ”ပြည်နယ် ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ”ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ယမန်နေ့ ဇူလိုင်(၂၇)ရက်ညပိုင်းတွင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့သို့ ဝင်ရောက်မှုအတွက် တပ်မတော်အပါအဝင် အခြားသောအဖက်ဖက်အဖွဲ့များနှင့်ညှိနှိုင်းပြီး ဝင်ရောက်လာခြင်းဖြစ်သည်ဟု UWSA ဆက်ဆံရေးရုံးကအသိပေးထားသည်။

UWSA နိုင်ငံရေးဌာန တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က အဓိက ဝင်ထိန်းတဲ့သဘောပါပဲ။ ပြည်သူလူထုကို ကာကွယ်မယ်။ ဝင်ထိန်းမယ်။ ဒါက နံပါတ် တစ်ပါ။ နောက် ဘယ်လိုလာမလဲဆိုတာတော့ “ဝ”ပြည် ဗဟိုဘက်က ဆက်စီစဉ်ပါလိမ့်မယ်။  သတင်းက မှန်ပါတယ်”ဟု ရှမ်း ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုအားဖြေကြားထားသည်ကိုတွေ့ရသည်။

လက်ရှိဝင်ရောက်လာသည့် UWSA လုံခြုံရေးတပ်ဖွဲ့များမှာ နမ့်ပေါင်ဘက်ကတဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ထဲက ကိုးကန့်စစ်ကြောင်းများသည် လားရှိုးနှင့်သီပေါကြား ရှိနမ့်လန်(သီပေါနှင့်ပိုနီး) ဖက်ရွှေ့နေကြောင်းသတင်းများထွက်ပေါ်ထားခြင်းရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ဒုတိယပတ်အတွင်းက “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- (UWSA)သည် တန့်ယန်းမြို့အတွင်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယမန်နေ့ ဇူလိုင် (၂၇)ညပိုင်းတွင်း လားရှိူးမြို့ပေါ်သို့ ထပ်မံဝင်ရောက်လာခြင်းလည်းဖြစ်သည်။

“ဝက ညီနောင်မဟာ မိတ်တွေနဲ့အတူသံလွင်မြစ် ရဲ့ ဗျူဟာကျတဲ့ အနောက်ဘက်ခြမ်း အများစုကို တပ်ဖြန့် နိုင်တဲ့အခြေနေမျိုး ဖြစ်လာနေပါပြီ။ လန်ချန်း- မဲခေါင် ကိုလည်း ဘယ်လို လွှမ်းမိုးလာနိုင်လဲစဉ်းစားထားသင့်ပါတယ်။

သမိုင်းအရ ရှမ်းတောင်ဘက်ရောက်ပြီး တပ်စွဲခဲ့တဲ့ ဝ တပ်ဟာ ယနေ့အထိ မရုတ်သိမ်းပဲ၊ နှစ်များစွာ သိုသိုသိပ်သိပ် နေနိုင်ခဲ့တာ တွေ့ရပါတယ်။

အရင်က ကုန်းတွင်းပိတ်မို့ Confederation တို့ State တို့ စဉ်းစားဖို့ မလိုဘူးဆိုတဲ့ ယူဆချက်တွေကို ဝ မျိုးဆက်သစ်က လက်တွေ့ဖော်ဆောင်လာတာလား၊အားလုံးက နားလည်ရခက်အောင် လုပ်ဆောင်နေတာတွေ့ရပါတယ်”ဟု သုတေသီတစ်ဦးဆိုသည်။

“သံလွင်တကြောကိုစိုးမိုးနိုင်ရင် ရှမ်းမြောက် ကတဆင့် ရေလမ်းခရီး သုံးလို့ရအောင်ပြုပြင်ပြီး တရုတ်ကို ကုန်စည်တင်ဖို့ လုပ်လို့ရတယ် ဗျ။ လာအိုကနေ ထိုင်းကို ဖောက်ထားပြီးသားလမ်းရှိတော့ ဒါကလည်း ယူဆချက်အဆင့်ပါပဲ။CMEC နဲ့ ချိတ်ဆက်ကြည့်ရင် ရုပ်လုံးပိုပေါ်တယ်၊တရုတ်ပြည်မ ကတချို့ ပရောဂျက် တွေပဲ ချပြပြီး ၊ကိုးကန့် နဲ့ ဝ မှာ ကြိုပြင်ဆင်ထားတာတွေကို ချပြလေ့မရှိတာကိုလည်း သတိထားရမှာပါ”ဟု ကချင်တိုင်းရင်းသားတစ်ဦးက ထောက်ပြသည်။

အဆိုပါ အခြေအနေများကြောင့် မြန်မာ့တပ်မတော်အပေါ် လက်ရှိ စစ်ပွဲကို ပြည်တွင်းစစ်လား၊ ကျူးကျော်စစ်လား သုံးသပ်ဖို့ ဖိအားများစွာ ပေးလျှက်ရှိနေကြခြင်းလည်းဖြစ်သည်။ အရာရာ ရှုပ်ထွေးနေချိန်တွင် မှားခြင်း မှန်ခြင်းထက် အဖြစ်သင့်ဆုံးများကို ပြည်သူကပါ ဝိုင်းဝန်းကူညီ လုပ်ဆောင်ကြရမည့်အချိန်လည်းဖြစ်သည်။

ဓါတ်ပုံ- BBC


LEAVE A REPLY

Please enter your comment!
Please enter your name here