ဖွင့်ပွဲ၌ ဆိုးလ်နှင့် ပြုံယမ်းကို မှားယွင်းမိတ်ဆက်ပေးမှုအတွက် အိုလံပစ်အဖွဲ့အစည်းတောင်းပန်

0
103

ပါရီ၊ဇူလိုင် ၂၇

ပြင်သစ်၌ကျင်းပပြုလုပ်နေသည့် အိုလံပစ်အားကစားဖွင့်ပွဲ၌ တောင်ကိုရီးယားအားကစားအသင်းဝင်လာသည်ကို အစီအစဉ်ကြေငြာသူက ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ဟု မှားယွင်းကြေငြာမိ၍ အိုလံပစ်အဖွဲ့အစည်းက ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားအားကစားသမားများကို မြောက်ကိုရီးယားအားကစားသမားများဟု ဖွင့်ပွဲတွင်မှားယွင်းမိတ်ဆက်ပေးခဲ့မိပြီးနောက် အိုလံပစ်အဖွဲ့အစည်းက တောင်းပန်စာထုတ်ကာ တောင်းပန်ခဲ့သော်လည်း အဆိုပါမှားယွင်းမှုသည် လူမှုကွန်ရက်နှင့်မီဒီယာများတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

စန်းမြစ်ကြောင်းတစ်လျှောက် သက်ဆိုင်ရာနိုင်ငံအလံများကိုကိုင်ဆောင်ကာ စီတန်းလှည့်လည်သည့် ပါရီအိုလံပစ်ဖွင့်ပွဲ၌ တောင်ကိုရီးယားအားကစားသမားများက စိတ်အားထက်သန်စွာဝင်ရောက်လာကြသော်လည်း နိုင်ငံအမည်မှားယွင်းကြေငြာခြင်းခံခဲ့ရသည့်အတွက် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

မြောက်ကိုရီးယားအားကစားအဖွဲ့ဝင်လာသည့်အခါ၌မူ အမှားအယွင်းမရှိ မိတ်ဆက်ခဲ့သည်ကိုလည်းတွေ့ရသည်။မြောက်ကိုရီးယားသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကိုယ်စားပြုအားကစားသမားများကိုစေလွှတ်ယှဉ်ပြိုင်စေခဲ့သော်လည်း အားကစားသမား ၁၆ ဦးသာပါဝင်သည်။

ကိုရီးယားသမ္မတနိုင်ငံဟုလူသိများသည့် တောင်ကိုရီးယားကမူ ယခုနှစ်အိုလံပစ်ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုအားကစားသမား ၁၄၃ ဦးစေလွှတ်ခဲ့ပြီး အားကစားနည်းပေါင်း ၂၁ ခုတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

Source : Arise News


LEAVE A REPLY

Please enter your comment!
Please enter your name here