အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်ပတ်နိုင်တော့မည်

0
189

နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင်အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)ပြန်လည် လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

ဇူလိုင်လ (၂၇) ရက်က အဆိုပါစက်ရုံ (သန်လျင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် Site Survey ဆောင်ရွက်ခြင်း၊ စက်ရုံဒီဇိုင်းရေးဆွဲခြင်း၊ စက်ရုံအတွက်လိုအပ်သည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထုတ်လုပ်ရရှိလာမည့် စက်သုံးဆီအရည်အသွေးကို အနိမ့်ဆုံး EURO 4 Standard ရရှိအောင် ရည်မှန်းဆောင်ရွက်သွားကြရမည်ဟုလည်း ၎င်းကဆိုသည်။

စက်ရုံပြန်လည်လည်ပတ်ချိန်တွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်နှင့် ဝန်ထမ်းများ စုစည်းလေ့ကျင့်ထားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ရေနံချက်စက်ရုံလည်ပတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လက်ရှိစက်ရုံဝန်ထမ်းများကို ကုန်ထုတ်လုပ်မှုအပိုင်းသာမက ကိန်းဂဏန်းအချက်အလက်နှင့် စီမံခန့်ခွဲမှုအပိုင်းများကိုပါ ကျွမ်းကျင်နားလည်တတ်မြောက်စေရေး လိုအပ်သည့်သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပသွားကြရမည်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးရေးအစီအမံများသည် အရေးကြီးသဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင်တည်ရှိပြီး ယခုအခါ နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်ရှိထူထောင်ထားပြီးဖြစ်သည့် စက်ကိရိယာများ၊ အခြေခံအဆောက်အအုံများကို အတတ်နိုင်ဆုံးဆယ်တင်၍ ပြန်လည်အသုံးချပြီး စက်ရုံကို အပိုင်းလိုက် တစ်ဆင့်ပြီးတဆင့် ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here