ရန်ကုန်-ဒလတံတား တည်ဆောက်နေသည့် မြင်ကွင်းအချို့

0
157

၂၀၂၅ ခုနှစ် မကုန်မီ အပြီးတည်ဆောက်ရန် လျာထားဆောက်လုပ်နေသည့် မြန်မာ – ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းတည်ဆောက်မှုကို ယနေ့ ဇူလိုင် (၂၈)ရက်တွင် မြင်တွေ့ရခြင်း ဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်မှုကို ၂၀၂၄ ခုနှစ်တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းနောက်ကျနေရခြင်းဖြစ်ပြီး လက်ရှိတွင် တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းတံတားစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ EDCS ချေးငွေ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ရယူ၍ နှစ် ၄ဝ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အဓိက ကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

တံတားကြီး၏ ရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ ၃၇ဝ ခန်းဖွင့်အကျယ်ရှိပြီး တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတား အရှည်မှာ ၅၇၇ မီတာနှင့် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၆ဝ၁ မီတာရှိကြောင်း သိရသည်။

ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉ဝ ရှိပြီး စုစုပေါင်း တံတားရှည်သည် ၆၁၄၄ ပေနှင့် ရေလမ်းကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (၁၆ဝ ပေ) ရှိကာ တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းပါရှိကြောင်း သိရသည်။

အဆိုပါ တံတားပြီးစီးသည့်အခါ တံတားပေါ်တွင် မောင်းနှင်မည့် မော်တော်ယာဉ်များကို တံတား ချဉ်းကပ်လမ်းပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်း၊ တံတား၏ ဆင်ခြေလျှောအပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်း ဖြင့် မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here